ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ပရဟိတကျောင်း မီးလောင်
နန်းမြနဒီ
·
December 3, 2018
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းတိုက်နယ်ရှိ ဖာလိုင်းရွာမှာ ပရဟိတ ရွာဦးဘုန်းကြီးကျောင်း မီးလောင်သွားခဲ့ပါတယ်။
ဒီဇင်ဘာ ၁ ရက်ည ၁၀ နာရီခွဲလောက်က ကျောင်းတိုက်အောက်ထပ်မှာ ဖယောင်းတိုင်မီး ထွန်းရာက မီးစတင်လောင်ခဲ့ပြီး ၁၂ နာရီလောက်မှ မီးညွန့်ကျိုးသွားတယ်လို့ ဖာလိုင်းကျောင်းတိုက် လက်ထောက်ကျောင်းထိုင်ဆရာတော် ဦးခန္တီစာရက ဒီဗွီဘီကို မိန့်ပါတယ်။
“အဲဒီညက လျှပ်စစ်မီးပျက်နေတော့ ဖယောင်းတိုင်မီးပဲ ထွန်းရတယ်။ သိပ်နေမကောင်းတဲ့ ကိုရင်ကို ကပ္ပိယက သေတ္တာပေါ်မှာ ဖယောင်းတိုင်ထွန်းပေးခဲ့တာ၊ ကိုရင်အိပ်ပျော်သွားတော့ ဖယောင်းတိုင် မီးစာကုန်တာနဲ့ သေတ္တာကိုလောင်တာက စတယ်။ သေတ္တာထဲမှာ သင်္ကန်းတွေ ရှိတယ်လေ။ လောင်စာလို ဖြစ်သွားတာပေါ့။ ဆရာတော်တို့သိတော့ မီးက တော်တော်စွဲလောင်နေပြီ။ ဒီရွာက ဟိုပုံးမြို့နဲ့ ၇ မိုင်လောက်ဝေးတော့ မီးသတ်ကားလည်း ချက်ချင်းမရောက်လာနိုင်ဘူး။ ကျောင်းနားရှိတဲ့ ရေတွင်းနှစ်တွင်းက ရေတွေခပ်ပြီး ငြှိမ်းပေမယ့် မနိုင်ပါဘူး၊ ကျောင်းထဲကပစ္စည်းတွေ အကုန်လောင်တယ်။ ဘာမှ မရလိုက်ဘူး။ ကျောင်းတိုက်လည်း အုတ်နံရံ အပဲ့တွေပဲ ကျန်တယ်။”
မီးလောင်သွားတဲ့ ကျောင်းတိုက်မှာ အုတ်ခံပျဉ်ခင်း ၂ ထပ်ကျောင်းတိုက်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က တည်ဆောက်ခဲ့တဲ့ကျောင်း ဖြစ်ပါတယ်။ အဲဒီကျောင်းတိုက်မှာ ရဟန်း ၄ ပါး၊ ကိုရင် ၃၅ ပါး၊ စာသင်သား ၂၅ ဦးရှိပြီး ဒဏ်ရာရသူတော့ မရှိပါဘူး။
မီးလောင်တာကြောင့် ဆုံးရှုံးမှုတန်ဖိုး မတွက်ချက်ရသေးလို့ မသိရှိရသေးပါဘူး။ ကျောင်းဆောင်သစ် ပြန်တည်ဆောက်ဖို့ အလှူရှင်တွေအနေနဲ့ ကျောင်းတိုက်ဖုန်းနံပါတ် ၀၉-၆၉၆၃ ၂၀၅၆၇ နဲ့ ၀၉-၂၅၁၂ ၁၆၇၂၀ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။