Home
မြန်မာသတင်း
ဘားအံမြို့နယ်တွင် တရားမ၀င်မြေခွန်ပြေစာကြောင့် မြေယာအငြင်းပွားမှုဖြစ်ပွား
DVB
·
November 24, 2018
ဘားအံမြို့နယ် တရားမ၀င်မြေခွန်ပြေစာကြောင့် မြေယာအငြင်းပွားမှုဖြစ်ပွားခဲ့တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ သက်ကယ်ကုန်းကျေးရွာ ဒေသခံတွေက တိုင်ကြားထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မြေခွန်ပြေစာထွက်ရှိထားတဲ့ ဘိုးဘွားပိုင် မြေကွက်ကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တရားမ၀င် မြေခွန်ပြေစာထုတ်ပေးခဲ့တဲ့အတွက် မြေယာအငြင်းပွားမှု ဘားအံမြို့နယ်၊ သက်ကယ်ကုန်း ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက "သူတို့ တိုင်ထားတာက လက်ရှိမှာ မြေယာသက်သက်ပြန်ရရေး မဟုတ်ဘူး။ အဲဒီမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူကြီးတွေကော သက်ဆိုင်ရာမြေစာရင်းတွေကော အရေးယူပေးဖို့တိုင်ထားတာ" လို့ ပြောပါတယ်။ ဖြစ်စဉ်မှာ ဘားအံမြို့နယ်၊ ဆင်ကျုံကျေးရွာအုပ်စု၊ သက်ကယ်ကုန်းကျေးရွာ၊ ဦးအောင်ရွှေ အမည်ပေါက်ပိုင်ဆိုင်တဲ့ ကွင်းအမှတ် ၁၀၀၄-က၊ တောကြီးတောင်ကွင်း၊ ဦးပိုင်အမှတ် N ၅၉ နဲ့ ၃၇ ဥယျာဉ်ခြံမြေ ၁၀ ဒသမ ၃၈ ဧကကို မြေခွန်ပြေစာထွက်ရှိထားပြီးဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်လောက်က ရွာအ၀င်လမ်း ဖောက်လုပ်ခဲ့ရာမှာ မူလပိုင်ရှင်ရဲ့မြေကွက် အလယ်တည့်တည့်ကနေ ဖောက်လုပ်ခဲ့တဲ့အတွက် မြေနှစ်ခြမ်းကွဲခဲ့ပြီးနောက် လမ်းအနောက်ဘက်ခြမ်းက မြေကွက်တွေပေါ် ကျေးရွာအုပ်ချုပ် ရေးမှူး (ဟောင်း)နဲ့ မြေတိုင်စာရေးတို့ပူးပေါင်းပြီး စိုက်ပျိုးမြေတွေပေါ် လူနေအိမ်ခြံကွက်ရိုက် ရောင်းစားခဲ့သလို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက အိမ်ခြံကွက်ရယူထားတဲ့ ၁၉ ဦးကို မြေခွန်ပြေစာတွေ ထုတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဘားအံမြို့နယ်၊ သက်ကယ်ကုန်းကျေးရွာ၊ မူလပိုင်ရှင် ဒေါ်နန်းလပြည့်က "ပြေစာတစ်စောင်ကို ၁ သိန်းနဲ့ထုတ် ပေးတယ်။ အဲဒီပြေစာ ၁ သိန်းနဲ့ထုတ်ပေးတာ သူတို့နဲ့ မသက်ဆိုင်တာ မြေစာရင်းက ကျမ အဖိုးအမည်ပေါက်ကို သူတို့က ဘာဖြစ်လို့ ၁ သိန်းနဲ့ ထုတ်ပေးရတာလဲ"လို့ ပြောပါတယ်။   ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ ဒေါ်နန်းဖော့ဘောင်က "ကျမတို့က ပြေစာပိုင်ထားတာပဲ။ မြေမရှိဘူးဆိုတော့ ဒီပြေစာ ဘယ်သူထုတ်ပေးလဲပေါ့။ ပြေစာရှိလျက်သားနဲ့ မြေမရှိဘူးဆိုတော့ ကျမတို့မြေက ဘယ်မှာလဲ။ အဲဒါကိုပဲ သိချင်တယ်" လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ဆင်ကျုံးကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးညွန့်ကြည်က "ကျနော်တို့လည်း စဉ်းစားလို့မတတ်ဘူး။ မြေတကွက်ကို ပြေစာနှစ်ခုပေါက်နေတယ်ဆိုတော့ အဲဒါဘယ်လို နည်းနဲ့ ထွက်တယ်ဆိုတာတော့ မြို့နယ် မြေစာရင်းဦးစီးဌာနကပဲ တာဝန်ရှိတယ် ထင်တယ်" လို့ ပြောပါတယ်။ မူလပိုင်ရှင်တွေက သက်ဆိုင်ရာအဆင့်ဆင့်တင်ပြတိုင်ကြားခဲ့တဲ့အတွက် ဘားအံခရိုင်၊ လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ပြန်လည်စိစစ်ပြီး သက်ဆိုင်ရာကို တင်ပြရာမှာ ကရင်ပြည်နယ်လွှတ်တော် အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စီစစ်ရေးကော်မတီရဲ့ အစီရင်ခံစာနဲ့ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီတွေရဲ့ စိစစ်တွေ့ရှိချက်တွေနဲ့ ကွဲလွဲပြီး အထက်ဌာနတွေကို တင်ပြထားတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြ တိုင်ကြားထားတယ်လို့ မူလပိုင်ရှင်က ပြောပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024