လက်ပံတောင်းတောင်ဒေသတွင် လေထုထဲ အမှုန်အမွှားပါဝင်မှု သတ်မှတ်ချက်ထက်ကျော်နေ
Aung Ko Latt
·
November 20, 2018
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ကြေးနီ စီမံကိန်းဧရိယာတ၀ိုက်မှာ လေထုထဲ အမှုန်အမွှားပါဝင်မှုက သတ်မှတ်ချက်ထက် ကျော်လွန်နေတာ စစ်ဆေးတွေ့ရတယ်လို့ တိုင်းပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းကနေ ဆဲလ်လိုင်းတွေပေါ် ခွင့်မပြုတဲ့ အက်ဆစ်ဖျန်းစနစ်ကို သုံးခဲ့လို့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်းတွေ၊ သစ်ပင်ကြီးတွေ ခြောက်သွေ့သေဆုံးခဲ့တာကြောင့် တိုင်းပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို စစ်ဆေးပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။
ဒီအတွက် နိုဝင်ဘာ ၆ ရက်မှာ တိုင်းပတ်ဝန်းကျင်ထိမ်းသိမ်းရေးဌာနက တာဝန်ရှိသူတွေ၊ စီမံကိန်းက တာဝန်ရှိသူတွေ၊ ဒေသခံတွေပါဝင်တဲ့အဖွဲ့က Haz- Scanner ခေါ်တဲ့ လေထု၊ ရေထု တိုင်းတာစစ်ဆေးရေးစက်တွေနဲ့ စစ်ဆေးခဲ့ကြပါတယ်။
ဆည်တည်းရွာဟောင်း၊ မိုးကြိုးပြင်အလယ်ရွာနဲ့ ကြေးနီစီမံကိန်းဧရိယာ စတဲ့ ၃ နေရာမှာ စစ်ဆေးတဲ့အခါ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) ပါဝင်မှုက သတ်မှတ်ချက်အတွင်းမှာရှိပြီး PM 2.5 ခေါ်တဲ့ အမှုန်အမွှားပါဝင်မှုကတော့ များနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ တိုင်းပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးကျော်စိုးက ပြောပါတယ်။
“ဆည်တည်းရွာဟောင်းက ဒေါ်ခင်မှတ်ရဲ့တိုင်တန်းချက်အရ ဖြစ်ပွားတဲ့အချိန်က ၃၁ ရက်နေ့၊ ကျနော်တို့သွားတဲ့၆ ရက်နေ့ တိုင်းတာတဲ့အခါမှာတော့ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) ပါဝင်မှုက ပုံမှန် သတ်မှတ်ဂိုက်လိုင်းအတွင်းမှာ ရှိနေတယ်။ PM 2.5 ခေါ်တဲ့ အမှုန်အမွှား ပါဝင်မှုကတော့ သတ်မှတ်ဂိုက်လိုင်းအပေါ်မှာ ရှိနေတာကို တွေ့ရပါတယ်။ တခါ ၁၂ ရက်နေ့မှာ ညွှန်မှူး ဦးသိန်းဌေးနဲ့ သွားရောက်စစ်ဆေးတိုင်းတာတဲ့အခါမှာလည်း အဲဒီအတိုင်း တွေ့ရပါတယ်။ တိုင်းတာတွေ့ရှိချက်တွေကိုတော့ တိုင်းအစိုးရကို တင်ပြထားပြီးဖြစ်ပါတယ်။”
လေထုထဲအမှုန်အမွှားတွေက ကြာလာရင် လူတွေကို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရရှိစေနိုင်တယ်လို့ သိရပါတယ်။
အက်ဆစ်ငွေ့၊ အမှုန်အမွှားတွေကြောင့် သီးနှံစိုက်ခင်းတွေအပါအဝင် အနီးအနားက သစ်ပင်ကြီးတွေပါ တခြမ်းခြောက်သွေ့သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပျက်စီးမှု စာရင်းကောက်ယူတဲ့အခါ တံစဉ်လွတ်ပျက်စီးတာက ၁၁.၈၅ ဧကနဲ့ အသင့်အတင့် ပျက်စီးတာက ၁၂၆.၇၀ ဧကထိရှိခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးသွားတဲ့သီးနှံတွေအတွက် လျော်ကြေးပေးနိုင်အောင် လုပ်ဆောင်နေပြီး ကုမ္ပဏီဘက်တော့ စိုက်ပျိုးရေးပညာရှင်ပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကုမ္ပဏီအနေနဲ့ သဘာဝပတ်ဝန်းကျင် သက်သေခံလက်မှတ်မှာပါတဲ့အတိုင်း ကတိကဝတ်ကိုကို မလိုက်နာတာ တွေ့ခဲ့ရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။