မိုင်းပန်မြို့နယ်တွင် ရွာသား ၁ ဦး စပါးရိတ်သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရ
DVB
·
November 19, 2018
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နာမွန်းကျေးရွာအုပ်စု ပန်ပီးဒေသမှာ မိုင်းပုတ်ရွာသားတဦး နိုဝင်ဘာ ၁၈ ရက်က စပါးရိတ်သိမ်းဖို့သွားရင်း မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။
မိုင်းပုတ်ရွာသား ဦးလွန်းကျော်ဟာ မနက် ၇ နာရီခွဲလောက်က တောင်ယာစပါးရိတ်သိမ်းဖို့ သွားရာလမ်းမှာ မိုင်းနင်းမိပြီး ပေါက်ကွဲကာ ယာခြေထောက်ပြတ်နဲ့ ဘယ်ခြေထောက်မိုင်းစထိမှန် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာလို့ မိုင်းပုတ်ရွာသားတဦးက ပြောပါတယ်။
“မနေ့ကလည်း ခြံသွားတယ်။ စပါးရိတ်သိမ်းတာမပြီးပြတ်လို့ ဒီနေ့ မနက်စောစော ထပ်သွားတဲ့ အချိန်မှာ မိုင်းနင်းမိတာ၊ လမ်းတလမ်းထဲ မနေ့ကမရှိဘူး ဒီနေ့မှ နင်းမိတာ ခြေတဖက် ပြတ်သွားတယ်။ အခုမိုင်း ပန်ဆေးရုံကို ဆေးကုသဖို့ ပို့လိုက်ပြီ”
ပန်ပီးဒေသရှိ ဒေသခံတွေဟာ စပါးသီးနှံရိတ်သိမ်းချိန်ဖြစ်ပေမယ့်လည်း မိုင်းနင်းမိပေါက်ကွဲ ဒဏ်ရာရရှိမှု မကြာခဏဖြစ်ပွားတဲ့အတွက် ခြံယာသို့သွားရောက်ဖို့နဲ့ သီးနှံတွေရောင်းချဖို့အတွက် ကြောက်နေရပြီး လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ပန်ပီးဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က အန်စီအေလက်မှတ်ထိုးထားတဲ့ RCSS/SSA အဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါ တယ်။
ပြီးခဲတဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း ရွာသားတဦး နွားကျောင်းရင်း ဆိုင်ကယ်နဲ့ အပြန် လမ်းမှာမိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို၊ နိုဝင်ဘာ ၇ ရက် ကလည်း ပန်ပီး ဘုန်းတော်ကြီးကျောင်း မီးလောင်ခဲ့ပါတယ်။
''ခုကတောင်ယာထဲထိတောင် မိုင်းလိုက်ထောင်တာဆိုတော့ စစ်သားအချင်းချင်း မကျေနပ် ကြတာထက် ရွာသားတွေမနေရဲအောင် လုပ်နေသလိုပဲ မိုင်းပန်သွားတဲ့လမ်းမှာလည်း ဆိုင်ကယ် သမားနှစ်ယောက်နင်းမိပြီးပြီ'' လို့ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီ ဒေသမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ လက်နက်ကိုင် အဖွဲ့ လှုပ်ရှားရာနယ်မြေဖြစ်ကြောင်း သိရပါတယ်။
သတင်း - ခွန်ရာဇာ