တိုင်းရင်းဆေးကို မြန်မာနှင့်တရုတ်ပညာရှင်များ ပူးပေါင်းသုတေသနလုပ်နေ
DVB
·
November 9, 2018
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုတွေ စားသုံးနေတဲ့ ရိုးရာ အစားအသောက်နဲ့ အပင်ကနေ ထုတ်လုပ်တဲ့ တိုင်းရင်းဆေးတွေကို မြန်မာနဲ့ တရုတ်ပညာရှင်တွေ ဓာတ်ခွဲစစ်ဆေးနေတယ်လို့ သစ်တောသုတေသနက သိရပါတယ်။
သစ်တောသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန သစ်တော သုတေသန ဦးစီးဌာနနဲ့ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီက သုတေသနပညာရှင်အဖွဲ့တို့ ပူးပေါင်းပြီး သုတသနလုပ်ဆောင်နေကြတာပါ။
တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီက ဟူဖိုင်ယာရာက “ဒေသခံတွေ စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေပေါ်မှာ ဓာတုဒြပ်ပေါင်းတွေကို ရှာဖွေဖော်ထုတ်တာပေါ့။ ဖော်ထုတ်ပြီးတော့မှ မှတ်တမ်းတင်တာပေါ့။ ဟင်းသီးဟင်းရွက်တွေ စားသုံးပြီးရရှိတဲ့ အကျိုးကျေးဇူးတွေကို ဖော်ထုတ်ပြီး စာအုပ်တွေ ရေးသားထုတ်ဝေတာပေါ့။ အပင်ကနေထုတ်တဲ့ ပရဆေးတွေကိုလည်း ဓာတ်ခွဲစမ်းသပ်နေတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ ဒေသခံတွေ သုံးစွဲနေတဲ့ သီးပင်စားပင်တွေနဲ့ ဆေးဝါးတွေမှာ ပါဝင်နေတဲ့ ဓာတုဒြပ်ပေါင်းတွေကို အတိအကျ သိရှိစေဖို့နဲ့ တိုင်းရင်းဆေးဝါးဖော်ထုတ်သူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်က စတင် သုတေသနလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်ဆန်းဦး