ရွေးကောက်ပွဲတွင် ထိုက်တန်သည့် အောင်မြင့်မှု ရမည်ဟု ပြည်ခိုင်ဖြိုး ပြော
DVB
·
October 13, 2018
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုရလိမ့်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။
ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် တွဲဖက်ကော်မတီအတွင်းရေးမှူး ဒေါက်တာ နန္ဒာလှမြင့်က အောက်တိုဘာ ၁၂ ရက်နေ့က ကလေးမြို့ ဒေသခံအချို့နဲ့တွေ့ဆုံပွဲအပြီးမှာ ကလေးမြို့ခံ မီဒီယာသမားတွေကို ပြောကြားလိုက်ပါတယ်။
"အဓိက ကျနော်တို့ အောင်နိုင်ခြင်း မအောင်နိုင်ခြင်းအပေါ်မှာ ပြည်သူလူထုရဲ့ မဲပေးရွေးချယ်မှုအပေါ်မှာ မူတည်နေပါတယ်။ ယုံကြည်လာအောင် ကျနော်တို့ အလုပ်နဲ့ သက်သေပြမယ်။ ပြည်သူတွေ ယုံကြည်လို့ မဲပေးလိုက်ပြီဆိုရင်လည်း ပြည်သူတွေ နောင်တ မရအောင် တာဝန်ယူပြီးမှ ဥက္ကဋ္ဌကြီး ကိုယ်တိုင် အာမခံပြီးတော့မှ ပြည်သူလူထုကိုလည်း လိုက်လံတွေ့ဆုံ ကတိပေးနေတယ်။ မိဘပြည်သူတွေ လိုလားတဲ့ ဒေသခံ တိုင်းရင်းသားတွေကိုပဲ ရွေးချယ်ပြီးမှ သူ့မြို့နယ်အတွက် အကောင်းဆုံး အလုပ်အကျွေး ပြုနိုင်ပြီးမှ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးကိုပဲ ရွေးချယ်မယ်။ ဒါကြောင့် ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲမှာရော ၂ဝ၂ဝ ရွေးကောက်ပွဲမှာပါ ထိုက်တန်တဲ့ အောင်မြင်မှု ရလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် မဲဆန္ဒနယ် ၁၃ နယ် အနက်က ၁ဝ နေရာကို ဝင်ရောက် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီအပေါ် ကလေးမြို့ မြို့မဈေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က "ကျနော်ကတော့ ပါတီဝင်မဟုတ်ပါဘူး။ ဒါပေမယ့် ပြောရရင် ကလေးမြို့ပေါ်မှာ ပြည်ခိုင်ဖြိုးပါတီဟာ လူမှုရေးနည်းတယ်။ ကလေးနယ်မှာ ဘာညာကန့်ကွက်မှုတွေဆို လုပ်နေတဲ့ အရပ်ဘက်အဖွဲ့တွေက ပြည်ခိုင်ဖြိုး ပါတီကို မတွေ့ရဘူး" လို့ ပြောပါတယ်။
၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနဲ့အဖွဲ့ဟာ နေရာတော်တော်များများမှာ ပါတီဝင်တွေ၊ ဒေသခံတွေနဲ့လည်း တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ်။
မင်းရဲစစ်နိုင်