Home
မြန်မာသတင်း
ဘားအံထောင်ဖောက်ထွက်ပြေးမှုတွင် အတွင်းလူပါနိုင်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော
DVB
·
October 7, 2018
ဘားအံအကျဉ်းထောင်ကနေ ထောင်သားတွေဖောက်ထွက်ပြေးမှုမှာ အတွင်းလူ ပါကောင်းပါနိုင်ပြီး အသေးစိတ်စစ်ဆေးရေး လုပ်နေတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဒီဗွီဘီကို ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်က အကျဉ်းသားတွေဟာ ထောင်တွင်းဓမ္မာရုံအနီး စိုက်ခင်းမှာ သန့်ရှင်းရေးလုပ်နေရာက ရပ်နားထားတဲ့ အမှိုက်သယ်မော်တော်ယာဉ်ကို မောင်းနှင်ကာ ထောင်တံခါးတွေကို တိုက်ဖွင့် ထွက်ပြေးသွားခဲ့ကြတာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေမြင့်က မနေ့က ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမှာ ဒီဗွီဘီကို ပြောပါတယ်။   “အတွင်းလူပါတယ် မပါဘူးဆိုတာတော့ သူတို့(စစ်ဆေးရေးအဖွဲ့) အသေး စိတ်စစ်ဆေးရေး ဝင်နေတယ်။ အတွင်းလူလည်း ပါကောင်း ပါနိုင်တယ်။ သူတို့ (ညွှန်မှူး၊ ထောင်ပိုင်) ကိုတော့ အခုကတော့ အနီးကပ် ခေါ်ထားလိုက်တာပေါ့နော်။ ဒီစစ်ဆေးပြီးတဲ့ အခါကျရင်တော့ သူတို့က အနည်းဆုံးကတော့ တာဝန်က နေရပ်စဲခံရမှာသေချာတယ်” ဘားအံအကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၄၂ ယောက်ထဲက ၂၆ ယောက်ကိုတော့ ရဲတပ်ဖွဲ့က ပြန်မိထားပြီဖြစ်ပါတယ်။ လွတ်မြောက်နေသူတွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေသူတွေလည်း ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို ဝင်ရောက်လာရင် ပြန်လည် လွှဲပြောင်းအပ်နှံပေးဖို့ သဘောတူညီမှုရရှိထားတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ တရားခံတွေပြန်လည် ဖမ်းဆီးရာမှာ အဓိက တရားခံဖြစ်တဲ့ ကျော်မိန်လ(ခ)အရှောင်ကို ရေဘုတ်ဆည်အနီးမှာ အသေပစ်ခတ်ဖမ်းဆီးရမိပြီး ကံမြင့်(ခ) ဇော်ကြီးကတော့ စစ်ဆေးနေတုန်းလက်လွန်သေဆုံးသွားတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုနေ ပေမယ့် ဘားအံပြည်သူ့ဆေးရုံကြီးဆေးစာအရ  နှစ်ယောက်လုံး သေနတ်မှန် သေဆုံးထား တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်နေသူတယောက်က “အားလုံးရင်ထိတ်နေကြတယ်။ ဒီပြဿနာကို စကြားကတည်းက ဘာကိုစိုးရိမ်လည်းဆိုတော့ လုံခြုံရေး ဒီထက် ဒီလူတွေ ဒီလိုလုပ်လို့ရတယ်။ ဒီလိုအနေအထားမျိုး သွားလို့ရတယ်ဆိုရင် နောက်ဆို ပိုပြီးတော့ များလာမယ်။ ရိုးသားတဲ့လူတွေ မှန်မှန်ကန်ကန် လုပ်စားတဲ့သူတွေအတွက် အန္တရာယ်ရှိ နိုင်တယ်” လို့ ပြောပါတယ်။ ဘားအံမြို့မှာ အကျဉ်းထောင်ဖောက်ပြေးတာ၊ အချုပ်နဲ့ တရားရုံးထုတ်တွေမှာ မကြာခဏ ထွက်ပြေးလွတ် မြောက်တာတွေ ဖြစ်နေတာကြောင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ လုံခြုံရေးဆောင်ရွက်တဲ့အပေါ် မြို့ခံပြည်သူတွေရဲ့ ဝေဖန်တာတွေလည်းရှိပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024