မန်းရွှေစက်တော် ဂေါပကအဖွဲ့ တရားစွဲခံရ
DVB
·
October 2, 2018
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မန်းရွှေစက်တော်ဘုရားကြီး ဂေါပက အဖွဲ့ကို လုပ်ငန်းရှင်တဦးက မင်းဘူးမြို့နယ် တရားရုံးမှာ အမှုနှစ်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
တည်းခိုဆောင် အခန်းခ ငွေကျပ် (၉၆)သိန်းရလိုမှုနဲ့ လုပ်ငန်းအာမခံ ပေးသွင်းထားတဲ့ ငွေကျပ်သိန်း(၁၀၀)ရယူလိုမှု နှစ်မှုကို နမ္မဒါ(၁) တည်းခိုဆောင် လုပ်ကိုင်တဲ့ လုပ်ငန်းရှင် ဦးကျော်နိုင်ဦးက တရားစွဲဆိုထားတာပါ။
ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က “မန်းရွှေဆက်တော်မှာ အရင်အစဉ်အဆက်ကတည်းက နမ္မဒါ အဆင်မြင့် တည်းခိုခန်းမှာ VIP ဆိုပြီးတော့ အခန်း (၈)ခန်းကို လုပ်ငန်းရှင်တွေက ပေးကြရတာ။ ၂၀၁၇ တုန်းက နမ္မဒါ တည်းခိုဆောင်က တစ်ခုထဲ ဘာပြဿနာမှ မရှိဘူး ဒီနှစ်မှာကြတော့ (၁)နဲ့(၂)ဆိုပြီး ခွဲလိုက်တယ် သူတို့ဆီက VIP အတွက် နှစ်စဉ်လို (၄)ခန်းစီ ပေးရမယ် နှုတ်နဲ့ဘဲ ပြောထားခဲ့တာ VIP ဆိုတာကလည်း စနေနဲ့ တနင်္ဂနွေဘဲ လာတာလေ ကျန်တဲ့ အချိန်သူတို့ ငှားစားလို့ရတာဘဲပေါ့။ ရှေ့နေငှားပြီး ချေပဖို့လုပ်နေပါတယ်။ VIP မှာ ဂေါပက အဖွဲ့နဲ့ ဆွေမျိုးတွေ တည်းခဲ့တာ မဟုတ်သလို ပြည်ထောင်စု အဆင့်ရှိဝန်ကြီးများနဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အကြီးအကဲ မိသားစုတွေဘဲ တည်းခဲ့တာဖြစ်လို့ ဂေါပက အဖွဲ့က တာဝန်မရှိကြောင်း ပြန်ပြီးချေပသွားမှာပါ။”လို့ပြောပါတယ်။
မန်းရွှေစက်တော် တည်းခိုဆောင်လုပ်ကိုင်သူတွေဟာ အာမခံငွေအဖြစ် နမ္မဒါ (၁)နဲ့(၂)က သိန်း(၁၀၀)စီ၊ ငွေသောင်ယံက ၅၀နဲ့ ကျန်တဲ့ ပုဂ္ဂလိက တည်းခိုဆောင်တွေက သိန်း ၂၀ စီ အာမခံငွေ တင်ထားရတယ်လို့ သိရပါတယ်။
“လုပ်ငန်းအာမခံငွေ သိန်း ၁၀၀ ကတော့ ပွဲတော်ရက်ပြီးသွားလို့ သူတို့ဘက်က ပိုဆောက်လုပ်တာတွေ၊ အခန်းခပိုတောင်းတာတွေ အပြစ်အနာမရှိရင် ပွဲတော်ရက် ပြီးကတည်းက ပြန်ပေးပါတယ်။ အပြစ်အနာအဆာ ရှိတယ်ဆိုရင်လည်း အဲဒီအထဲက ဒဏ်ကြေးနှိမ်ပြီး စာရင်ပြောင်းပေးတယ်။ အဲဒါကို သူက အခန်းပိုဆောက်လို့ဆိုပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က သိန်း ၁၅၀ ဒဏ်တပ်တယ်။ ပွဲတော်ပြီးလို့ အာမခံငွေတွေ လာထုတ်ပါ ဒဏ်ကြေးသွင်းရမယ်လူတွေ လာသွင်းပါဆိုတော့ သူက လာလည်းမထုတ်ဘူး။ ဒဏ်ကြေးလည်း မသွင်းဘူး”လို့ ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။
တရားစွဲဆိုသူ ဦးကျော်နိုင်ဦးကတော့ “နောင်လာမယ့်နှစ်တွေမှာ အဓိကလုပ်ငန်းရှင်တွေ ပြဿနာမပေါ်ပေါက်ရေးအတွက် ဦးတည်တာပါ။ ဂေါပက မဟုတ်ရင်လည်း မဟုတ်တဲ့ စည်းမျဉ်းစည်းကမ်းအတိုင်သွား၊ လုပ်ငန်းရှင်မဟုတ်ရင်လည်း မဟုတ်တဲ့ စည်းကမ်းအတိုင်း သွားလိမ့်မယ်။ ဒါလေးကိုလည်း လာမယ့်နှစ်တွေမှာ အခက်အခဲမရှိအောင် ကျနော်တို့လို တခါမှ မလုပ်ဖူးသေးတဲ့လူတွေ ကျနော့်လို ခံစားချက်မျိုး မဖြစ်ရလေအောင် စံနမူနာထားပြီး ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တရားစွဲဆိုရခြင်းဖြစ်တယ်”လို့ ပြောပါတယ်။
အဆိုပါ အမှုကို မင်ဘူးမြို့နယ် တရားရုံးမှာ စက်တင်ဘာ ၁၄ရက်က စွဲဆိုခဲ့တာဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ကို ရုံးချိန်း ပြန်လည် ချိန်းဆိုထားပါတယ်။
ကိုလင်း(ချောက်)