Home
မြန်မာသတင်း
ဒေါ်လာဈေးကစားသူများကို ထပ်မံဖမ်းဆီးရန်လုပ်နေဟု စစစ ညွှန်ကြားရေးမှူးပြော
DVB
·
September 30, 2018
ဒေါ်လာဈေးကစားသူ ၄ ယောက်ကို ဖမ်းဆီးအရေးယူထားပြီး ၁ ယောက်ကို တရားခံပြေးအဖြစ် သတ်မှတ်ထားသလို နောက်ထပ်ဈေးကစားသူတွေကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ဒီဗွီဘီကို ဒီနေ့ ပြောပါတယ်။ “စစ်ဆေးမှုလုပ်နေတဲ့ ကိစ္စတွေက မပြီးသေးဘူး၊ နောက်ထပ်လည်း ခေါ်ယူစစ်ဆေးရမယ့် လူတွေရှိသေးပါတယ်။ စစ်ဆေးဆဲကာလဆိုတော့ အတိအကျ ပြောလို့တော့ မရသေးပါဘူး။ ကျနော်တို့လုပ်ဆောင်ရမယ့်အပိုင်းတွေ ကျန်သေးတယ်။ လက်တလောတော နောက်ထပ် အဲ့ဒီလူတွေကို စစ်ဆေးနိုင်အောင် လုပ်နေပါတယ်” ၁​ ဒေါ်လာကို ၁၆၀၀ ကော်ျထိ စံချိန်တင် ဒေါ်လာဈေး မြင့်တက်ခဲ့လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဈေးကစားသူတွေကို စိစစ်အရေးယူမယ်လို့ ပြောဆိုခဲ့ပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) အဖွဲ့က ဒေါ်လာဈေးကစားသူတွေကို စက်တင်ဘာ ၂၃ ရက်မှာ စတင်ခေါ်ယူစစ်ဆေးခဲ့တာပါ။ ဖမ်းဆီးစစ်ဆေးခဲ့တဲ့သူတွေကတော့ ရွှေဘုံသာလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းတို့မှာ ငွေလဲကောင်တာ ဖွင့်လှစ်ရောင်းဝယ်လုပ်ကိုင်နေတဲ့ လူတချို့လို့ ဆိုပါတယ်။ “အခုလောလောဆယ် ဖမ်းဆီးစစ်ဆေးနေတာကတော့ ၄ ဦးပေါ့။ တစ်ယောက်ကိုတော တရားခံပြေးအဖြစ် ကြေညာပြီး ဖမ်းဆီးနိုင်အောင်လုပ်နေတယ်။ အခုဖမ်းဆီးထားတဲ့သူတွေက ဒေါ်လာ ဘယ်လောက်ပမာဏကို အရောင်းအဝယ်လုပ်ပြီး ဈေးကစားတယ်ဆိုတာ တော့မဟုတ်ဘူး၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ငြိစွန်းလို့ ဥပဒေအရ အရေးယူရတာပါ” လို့ ဦးအောင်မျိုးက ပြောပါတယ်။ လက်ရှိဖမ်းမိထားတဲ့ ၄ ဦးကိုတော့ ကျောက်တံတား၊ ပုဇွန်တောင်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွေမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ၄၂၊ ၄၃ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ဒီပုဒ်မတွေအရ ပြစ်ဒဏ်ချမယ်ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ၂ ခုလုံးကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးလိုက်တဲ့နောက်ပိုင်း အပြင်မှာ အရောင်းအဝယ်လုပ်နေတာတွေ ရပ်တန့်သွားသလို ဒေါ်လာဈေးလည်း ၁၅၀၀ ကျော်အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024