Home
မြန်မာသတင်း
ဖမ်းမိ ရှားပါး ဝေလငါးမန်းကြီးကို ကရိန်းဖြင့်မပြီး ဘယ်လိုပြန်လွှတ်ပေးခဲ့သလဲ (ရုပ်သံ)
DVB
·
September 30, 2018
ရှားပါးဝေလ ငါးမန်းတကောင်ကို ဧရာဝတီ ငါးဖမ်းကွက်ထဲမှာ သင်္ဘောတစီးက ဖမ်းမိပြီး ပြန်လွှတ်ပေးခဲ့တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဒီဗွီဒီယိုကို အဲဒီသင်္ဘောမန်နေဂျာ ကိုရဲထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားပြီး ၂ ရက်အတွင်းမှာပဲ လူပေါင်း ၇ သောင်းကျော်ကြည့်ရှုခဲ့ပါတယ်။ ဒါကို မှတ်ချက်ပေးထားတာ ၂၀၀ ကျော်လည်းရှိပြီး လွှတ်ပေးတဲ့အပေါ် လေးစားတဲ့အကြောင်း ပြောကြသလို၊ တချို့ကလည်း ဒီငါးမျိုးကို ဝယ်သူမရှိလို့ လွှတ်ပေးတာလို့လည်း ပြောကြပါတယ်။ သင်္ဘောသားတွေက ငါးမန်းကို ကြိုးတွေနဲ့ ချည်နှောင်ပြီး ကရိန်းနဲ့မလိုက်ပါတယ်။ ပြီးတော့ သင်္ဘောဘောင်ပေါ်ကို ရောက်အောင်ကြိုးစားပြီး လူအားနဲ့ တွန်းချပေးလိုက်ကြတာကို တွေ့ရပါတယ်။ ငါးမန်းကြီးဟာ ရေထဲကို လျှောကနဲဆင်းသွားပြီး ကူးခတ်သွားတာကိုလည်း သူတို့ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီငါးဖမ်းသဘောင်္ဟာ ရန်ကုန်ကနေ အဝင်အထွက်လုပ် ဖမ်းနေတာဖြစ်ပြီး အခု ငါးကို မိတဲ့နေရာဟာ ဧရာဝတီငါးဖမ်းကွက်မှာ ဖြစ်တယ်လို့ ကိုရဲထွန်းက ပြောပါတယ်။ ပြီးတော့ ဒီထက်ကြီးတဲ့ ငါးမန်းတကောင်ကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က တကြိမ်မိခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ ဝေလငါးမန်းလို့ ခေါ်တဲ့ ကျွဲငါးမန်းတွေဟာ အကောင်ကြီးပေမယ့် သူတို့ရဲ့ ပါးစပ် တည်ဆောက်ပုံကြောင့် ငါးနဲ့ ပုစွန်အကောင်သေးသေးတွေကိုပဲ စားကြတာပါ။ အရွယ်ရောက်ပြီးတဲ့ ဝေလငါးမန်းတကောင်ဟာ ပေ ၂၀ ကနေ ပေ ၄၀ အထိရှည်ပြီး ငါးမန်းမျိုးစိတ်တွေထဲမှာ အကြီးဆုံးတမျိုးလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာ လူကို အန္တရာယ်မပြုတတ်ကြတဲ့အပြင် သူတို့ကို မဖမ်းဆီးဖို့အတွက် ဥပဒေ ထုတ်ပြန်ထားပါတယ်။ ဗွီဒီယို - ကိုရဲထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024