မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ကိုရီးယား အကူအညီဖြင့် အဆင့်မြှင့်မည်
DVB
·
September 23, 2018
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ကိုရီးယားချေးငွေနဲ့ အဆင့်မြှင့်တင်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။
စက်တင်ဘာ ၁၉ ရက်က ကိုရီးယားနိုင်ငံ ဒေဂျွန်းမြို့ရှိ နိုင်ငံပိုင်ရထားကုမ္ပဏီဖြစ်တဲ့ KORAIL ရုံးချုပ်မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
KORAIL ရဲ့ Senior Vice President, Mr. Chung In-Soo နဲ့ အဖွဲ့တွေ့ပြီး မြန်မာနိုင်ငံရဲ့ ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့မီးရထားနဲ့ KORAIL တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ဖို့၊ ကိုရီးယားချေးငွေနဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
လတ်တလောမှာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းတွေကို ဂျပန်နိုင်ငံ အပြည်ပြည်ဆောင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA အကူအညီနဲ့ စတင် အဆင့်မြှင့်တင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
အခုတခါ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ကိုရီးယားနိုင်ငံအကူအညီနဲ့ အဆင်မြှင့်တင်ဖို့ ရည်ရွယ်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။