Home
မြန်မာသတင်း
စာတိုက်လုပ်ငန်းကို ပြည်သူယုံကြည်အောင် လုပ်ဆောင်မည်
DVB
·
September 23, 2018
စာတိုက်လုပ်ငန်းကို ပြည်သူအများ ယုံကြည်မှုရအောင် ပြန်လည်လုပ်ဆောင်သွားမယ်လို့ မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်က ပြောပါတယ်။ စက်တင်ဘာ ၂၃ ရက် ဒီမနက်လုပ်ခဲ့တဲ့ ရန်ကုန်စာတိုက်ကြီးအဆောက်အအုံ နှစ် ၁၁၀ ပြည့်အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ် ၁၁၀ ပြည့် အခမ်းအနားနဲ့ တံဆိပ်ခေါင်းပြပွဲကို ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စာတိုက်ကြီးအဆောက်အအုံမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စာတိုက်ပေါင်း ၁၃၀၀ ကျော်ရှိတဲ့ မြန်မာ့စာတိုက်လုပ်ငန်းဟာ အခုအခါ ခေတ်နဲ့အညီ အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်းကို လက်ခံလုပ်ဆောင်ပေးနေပြီး အောင်မြင်မှုလည်း အတန်အသင့် ရရှိနေပြီ ဖြစ်ပါတယ်။ အွန်လိုင်းကရောင်းတဲ့ ပစ္စည်းတွေကို စာတိုက်ကတဆင့်ပို့ဆောင်တဲ့အခါ ပြည်သူလူက ပိုပြီး ယုံယုံကြည်ကြည်နဲ့ အသုံးပြုကြတယ်လို့ အွန်လိုင်းရောင်းဝယ်နေသူတွေက ပြောပါတယ်။ ကုမ္ပဏီထောင်ထားပြီး စာတိုက်ကိုသုံးလို့ အွန်လိုင်းက အလှကုန်ရောင်းတဲ့ ဗိုလ်တထောင်မြို့နယ်နေ ဒေါ်ရွှေစင်က “စာတိုက်ကနေ ပစ္စည်းပို့ပေးတော့ ၀ယ်တဲ့သူက ယုံယုံကြည်ကြည်နဲ့ မှာပြီး ၀ယ်ကြတယ်။ အရမ်းဝေးတဲ့ ဒေသတွေကလွဲရင် ကျန်မြို့ကြီးတွေဆို ဒီနေ့ပို့ နောက်နေ့ရောက်တယ်။ စာတိုက်ကပဲ ပိုက်ဆံကောက်ပေးပြီး စာတိုက်ကနေ ကိုယ့်ငွေ ပြန်ထုတ်ဖို့တော့ အချိန်နည်းနည်းစောင့်ရတယ်။ တခုပဲ စာတိုက်မှာ ပစ္စည်းထုတ်ပိုးဖို့ စက္ကူဘူးခွံ့ လေးတွေပါ တပါတည်း ရောင်းပေးရင် ပိုအဆင်ပြေတယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းကို ၁၉၃၇ခုနှစ်မှာ စစ်တွေစာတိုက် ဖွင့်လှစ်ရာက စတင်ခဲ့တာဖြစ်လို့ နှစ် ၇၀ကျော် သက်တမ်း ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024