ဧရာဝတီမြစ်ထဲ ရေဆိုးစွန့်ပစ်မှုကြောင့် အန္တရာယ်မရှိနိုင်ဟု မန္တလေးစည်ပင်ပြော
Aung Aung Naing
·
September 16, 2018
ဧရာဝတီမြစ်ထဲ ရေဆိုးစွန့်ပစ်မှုအတွက် အန္တရာယ်မရှိနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနဲ့ သန့်ရှင်းရေးဌာနက ဌာနမှူးက ပြောဆိုဆိုလိုက်ပါတယ်။
ရေဆိုးစွန့်ပစ်မှုကြောင့် အနံ့ဆိုးတွေထွက်ပေါ်နေလို့ ပြည်သူတွေ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်နေကြတာပါ။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနဲ့ သန့်ရှင်းရေးဌာနမှူး ဦးမျိုးသန့်က “ကျနော်တို့ လုပ်ရိုးလုပ်စဉ်ပါ။ အခုလာမယ့် ဆောင်းရေက များမှာဖြစ်တာကြောင့် ကျနော်တို့က ကြိုပြီး ထုတ်ထားတာပါ။ မိုးကြီးတော့မယ့်အချိန်မှာ လက်ခံထားတဲ့အထဲမှာ ရှိနေတဲ့ရေတွေကို ကြိုပြီးထုတ်နေတာပါ။ ပြီးခဲ့တဲ့ မိုးတုန်းကလည်း ကျနော်တို့က ကြိုပြီး ထုတ်ထားတယ်။ အများက စွန့်ပစ်ထားတဲ့ အိမ်သုံးစွန့်ပစ်ရေတွေကို စွန့်ထုတ်ပစ်ရတာပါ။ နှစ်တိုင်းလည်း စွန့်ထုတ်ပစ်ရပါတယ်။ အခုမှ ပစ်တာ မဟုတ်ပါဘူး။ ရေဆိုးစွန့်ပစ်တဲ့ နေရာကို မော်တော်တွေ ပိတ်ရပ်ထားတဲ့အတွက် အမြုပ်က ထွက်တာပါ။ လူထုအတွက် ဘာအန္တရာယ်မှ မကျရောက်နိုင် ပါဘူး” လို့ ပြောပါတယ်။
“အမတို့အနေနဲ့ ဒီရေဆိုးကထွက်တဲ့အနံ့တွေကို ရှူနေရတာလေ။ အခုကို ခေါင်းတွေ ကိုက်ပြီး မူးနေတာ။ အနံ့တွေက နံနေတာ အသက်ကိုရှူလို့ မဝဘူး” လို့ နေ့တဓူဝ စက်လှေစီးနေတဲ့ မတ္တရာမြို့နယ် သုံးဆယ်ဘေးရွာက ဒေါ်ခင်းဆန်းက ပြောပါတယ်။
စက်လှေစီးခရီးသည် ဦးကျော်ဆန်းက “ဒီဆိပ်ကမ်းက မန္တလေးနဲ့နယ်မြို့တွေကို ကုန်စည် ပို့ဆောင်တဲ့ မရမ်းခြံဆိပ်ကမ်း ဖြစ်တယ်။ အခုဆို ဒီမှာ ရောင်းရဝယ်ရတဲ့အချိန် လူစောင့်ရတဲ့အခါ ဒီအနံ့အသက်တွေကြောင့် စားချင်တာစားလို့မရတော့ လုံးဝကို အဆင်မပြေ ဘူး။ ကျန်းမာရေးလည်း ထိခိုက်လာမယ်”လို့ ပြောပါတယ်။
မန္တလေး စည်ပင်သာယာရေး ကော်မတီရေနဲ့ သန့်ရှင်းရေးဌာနအနေနဲ့ မန္တလေးတမြိုတမြို့လုံးက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေကို ၆ နေရာကနေခွဲပြီး စွန့်ထုတ်နေသလို စွန်ပစ်ရေဆိုးတွေကို ၁ နာရီမှာ ဂါလန်ပေါင်း ၁ သန်း စွန့်ထုတ်နေပါတယ်။ တနေ့ကို နာရီ ၂ဝ လောက် ရေဆိုးတွေ နေ့စဉ် စွန့်ထုတ်ပေးနေတယ်လို့ သိရပါတယ်။