Home
မြန်မာသတင်း
သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စုပေါင်းဂိတ်များက ငွေကြေးတောင်းခံနေ
DVB
·
September 11, 2018
ရှမ်းပြည်နယ်ရှိ တာကော် သံလွင်မြစ်ကူးတံတားပေါ်က ဖြတ်ကူးတဲ့ မော်တော်ယာဉ်တွေကို စုပေါင်းဂိတ်တွေက ငွေကြေးတောင်းခံနေတယ်လို့ မော်တော်ယာဉ်မောင်းတွေဆီက သိရပါတယ်။ စုပေါင်းဂိတ်တွေက ခရီးသည်တင်ကားတွေကိုရော အိမ်စီးကားတွေကိုပါ ငွေကြေး တောင်းခံတာ ဖြစ်တယ်လို့ မော်တော်ယာဉ်မောင်း ကိုစိုင်းလုံက ပြောပါတယ်။ "ခရီးသည်တင်ယာဉ်ဆို တဂိတ်ကို ကျပ် ၅၀၀၀ နဲ့ ဂိတ်ပေါင်း ၈ ဂိတ်လောက်ကို ပေးနေရတာ။ အဓိက ရှမ်း/တောင် လွိုင်လင်အပိုင်နယ်မြေက ဂိတ်တွေကို အများဆုံးပေးရတာ။ အိမ်စီးကား လိုင်စင်မဲ့ဆိုရင် ကျပ် ၁ သိန်းထိ ပေးနေရတယ်။ လိုင်စင်မဲ့စီးတဲ့ လက်နက်ကိုင်နဲ့ ဝန်ထမ်းတွေရဲ့ ကားတွေကိုတော့ ငွေကြေးမတောင်းဘူး" လို့ ပြောပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံတာကို မော်တော်ယာဉ်မောင်းတွေအနေနဲ့ ပြဿနာမဖြစ်ချင်လို့ ငွေကြေးပေးပြီး ဖြတ်သန်းနေကြရတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်အစိုးရ စီး/ပွားကူးသန်းဝန်ကြီး ဦးစိုးညွန့်လွင်ကတော့ စုပေါင်းဂိတ်တွေမှာ ငွေကြေးတောင်းခံနေတဲ့ကိစ္စ မသိဘူးလို့ ပြောပါတယ်။ "ဒီကိစ္စတွေကို မသိရှိသေးဘူး။ ဒါနဲ့သက်ဆိုင်တဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းစံတစ်လုံကို ဆက်သွယ်ပေးပါ" လို့ ပြန်လည်ဖြေကြားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးကို ဆက်သွယ်တဲ့ အခါမှာတော့  ဖုန်းပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။ ခုလို ငွေကြေးတောင်းခံနေတာနဲ့ ပတ်သက်ပြီး တာကော်တံတားပေါ် ဖြတ်သန်းစဉ်မှာ သက်ဆိုင်ရာဌာနတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မပြုတဲ့အပြင် လုံခြုံရေးအကြောင်းပြချက်နဲ့ ကင်မရာရိုက်ခွင့်ပါ ပိတ်ပင်ခဲ့ပါတယ်။ ရှမ်း/တောင်၊ လွိုင်လင်ခရိုင်အတွင်းက စုပေါင်းဂိတ်တွေကတော့ ယာဉ်ထိန်း၊ စရဖ၊ အကောက်ခွန်၊ လဝက၊ စစ်တပ်၊ ရဲဂိတ်၊ သစ်တောဂိတ်တွေဖြစ်ပြီး ရှမ်း/ရှေ့ မိုင်းပြင်းမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဂိတ်တွေ ရှိပါတယ်။ သံလွင်မြစ်ဖြတ်ကူးတဲ့ တာကော်တံတားဟာ တာချီလိတ်နဲ့ တောင်ကြီးကို ချိတ်ဆက်ထားတဲ့ အမှတ် ၄ အာရှလမ်းမကြီးပေါ်မှာရှိပြီး ရှမ်း/ရှေ့နဲ့ ရှမ်း/တောင် ချိတ်ဆက်ထားတဲ့လမ်း ဖြစ်ပါတယ်။ သတင်း - ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024