Homeမြန်မာသတင်း
အောင်လံတွင် ပြည်သူ့ဝန်ထမ်း အယောင်ဆောင် ခြိမ်းခြောက်ငွေတောင်းသူများကို ဖမ်းဆီး
အောင်လံတွင် ပြည်သူ့ဝန်ထမ်း အယောင်ဆောင် ခြိမ်းခြောက်ငွေတောင်းသူများကို ဖမ်းဆီး
DVB
·
September 8, 2018
မကွေးတိုင်း အောင်လံမြို့မှာ မှုခင်းသတင်းထောက်ကတ်ပြပြီး ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းသူတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ ရဲက ပြောပါတယ်။
မကျည်းကုန်းရပ်ကွက် မီးသွေးလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဇော်ဆီကနေ ခြိမ်းခြောက်ပြီး လစဉ်ကြေးကောက်ခံနေတဲ့သူ ၂ ဦးကို ဖမ်းဆီးမိခဲ့တာလို့ အောင်လံရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။
“ပြည်သူ့ဝန်ထမ်း မှုခင်းသတင်းထောက်၊ မှုခင်းတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ စရဖ အဖွဲ့၊ စသုံးလုံး အဖွဲ့တို့ဖြစ်ကြောင်း သတင်းထောက်ကတ်ပြား ထုတ်ပြကာ မီးသွေးလုပ်ငန်းလုပ်ရင် အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်သည့် ဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချလို့ ရတယ်ပြောပြီး ခြိမ်းခြောက်ခဲ့တာပါ။ အရေးယူဖို့ တိုင်လိုက်ရင် ဒုက္ခရောက်သွားမယ်၊ လစဉ်ဆက်ကြေးပေးရင်း တိုင်းကားခြင်းမပြုဘဲ နှစ်ဖက် အဆင်ပြေမယ်ပြောပြီး ၁ လကို ငါးသောင်းကျပ်စီပေးဖို့ ခြိမ်းခြောက်ငွေတောင်းခံခဲ့တာပါ။ သြဂုတ် ၃ဝ ရက်နေ့ နေ့လယ်က မီးသွေးလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဇော် “စက်ရုံရပ်ကွက် AURORA လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတွေနဲ့ထိုင်နေချိန် ငွေ တစ်သိန်း နှစ်သောင်းကျပ် အမြန်လုပ်ပေး၊ မပေးရင် ထောင်ဆယ်နှစ်ချလို့ရတဲ့ ဥပဒေနဲ့ တိုင်မယ်ပြောတဲ့အတွက် ငွေပေးလိုက်ရတယ်။ မိတ်ဆွေတွေက ပြည်သူဝန်ထမ်း မဟုတ်ကြောင်း အရပ်ဘက် မှုခင်းသတင်းထောက်များသာဖြစ်ကြောင်း ပြောပြတဲ့အတွက် ရဲစခန်ကို လာရောက်တိုင်ကြားလို့ အရေးယူထားတာ" လို့ ဒီဗွီဘီကိုပြောပါတယ်။
အဆိုပါ ပြည့်သူ့ဝန်ထမ်း အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းသူ မြင့်အောင်၊ ဝင်းမောင် ခေါ် မင်းသားကြီး၊ ဝင်းကို၊ ဟန်အေး၊ သိန်းဇော်တို့ ၅ ဦးကို အောင်လံမြို့မရဲစခန်းမှာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံမှု ရာဇသတ်ကြီးပုဒ်မ ၃၈၄/၁၇ဝ/၁၁၄ နဲ့ စက်တင်ဘာ ၆ရက်ရက်နေ့ ညပိုင်းက အမှုဖွင့် အရေးယူထားတာပါ။
ဝင်းမောင် (ခ) မင်းသားကြီးနဲ့ ဟန်အေးတို့ကို ဖမ်းဆီးရမိပြီး ထွက်ပြေးတိမ်ရှောင်နေသူ ၃ ဦးကို ဖမ်ဆီးရမိရေး ကြိုးပမ်းနေပြီး အမှုကို ရဲအုပ် စန်းအေးက စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။
သတင်း-မင်းထီး