အစိုးရက တရားရေးမဏ္ဍိုင် ၀င်စွက်ဖက်ခြင်း လုံးဝမရှိဟု ဦးဇော်ဌေးပြော
DVB
·
September 8, 2018
အစိုးရအနေနဲ့ တရားရေးမဏ္ဍိုင်ကို ပါဝင်စွက်ဖက်တာ မရှိကြောင်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေကိစ္စကို မှတ်ချက်မပေးလိုဘူးလို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
မနေ့က နေပြည်တော်၊ သမ္မတအိမ်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
“ကျနော်တို့က လောလောဆယ် ဘာလုပ်ပေးမယ်လို့ ပြောလို့ မရဘူး။ ဒီ စီရင်ချက်အပေါ်မှာလည်း ကျနော်တို့ ဘာမှ မှတ်ချက် မပေးလိုဘူး” လို့ ပြောပါတယ်။
ရိုက်တာ သတင်းထောက်တွေနဲ့ ပတ်သက်ပြီး တရားရေးမဏ္ဍိုင်က ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပြီး အစိုးရအနေနဲ့ တရားရုံးမှာ စစ်ဆေးဆဲအမှုတွေကို ပါဝင်စွက်ဖက်တာ မရှိသလို ဖိအားပေးတာလည်း မရှိဘူးလို့ ပြောပါတယ်။
“အစိုးရအနေနဲ့ တရားစီရင်ရေးကို ဖိအားပေးတာ လုံးဝ မရှိပါဘူး။ ကျနော်တို့မှာ ပေါ်လစီရှိပါတယ်။ တိုင်စာတွေနဲ့ ပတ်သက်လာရင်တောင်မှ တရားရုံးရောက်နေတဲ့ ကိစ္စတွေကို မလုပ်ပေးပါဘူး။ တရားစီရင်ရေးရဲ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အစိုးရက ဝင်ရောက်စွက်ဖက်တာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။
ရိုက်တာ သတင်းထောက်တွေကို ထောင်ဒဏ် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန် စတဲ့ နိုင်ငံတွေက ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပျက်ပြားစေလို့ စိတ်ပျက်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
နိုင်ငံတကာ ရာဇဝတ်တရားရုံးကနေ မြန်မာနိုင်ငံကို စီရင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်လိုက်တဲ့ကိစ္စ၊ ဘင်္ဂလားဒေ့ရှ် ရောက်နေသူတွေကို ပြန်လက်ခံရေးကိစ္စတွေနဲ့ ပတ်သက်လို့ မနေ့ညနေပိုင်းက သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။