တပ်မတော်နှင့် ကေအန်ယူ တိုက်ပွဲဖြစ်၊ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်
DVB
·
August 29, 2018
တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၅ တို့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ဒေသခံကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သြဂုတ် ၂၉ ရက် မနက် ၆ နာရီ ၄၅မိနစ်ခန့်က လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ ကန်ညီနောင်ကျေးရွာနဲ့ ၀ဲကြီးကျေးရွာအကြားမှာ တပ်မတော်နဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကန်ညီနောင်ကျေးရွာက ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ပြီလို့ မနော်ချိုက ပြောပါတယ်။
လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကန်ညီနောင်ကျေးရွာသူ မနော်ချို က“ ရွာသားတွေပြေးကုန်ပြီး ကျမတို့ရွာမှာလေ။ ရွာနဲ့ နီးနီးလေးပဲလေ။ ကေအန်ယူရှိတယ်။ တပ်မတော် စစ်ကြောင်း တက်လာတယ်။ ကေအန်ယူပစ်တယ်။ ၀ဲကြီးရွာအရှေ့နားမှာလေ။ ဘီဂျီအက်ဖ် တော့မပါဘူး။ ဒီနေ့တော်တော်များတယ်။ သေနတ်ကြီးတွေပစ်တာ”လို့ ပြောပါတယ်။
ဘီဂျီအက်ဖ်၊ အမှတ် ၃ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ ဗိုလ်မှူး ဇော်လင်း က“တပ်နဲ့ တပ်မဟာ ၅ နဲ့ ဖြစ်တာ။ မနက်က စတာ။ တပ်မ ၂၂ က လက်အောက်ခံ စစ်ကြောင်းတွေ ဗျူဟာတွေနဲ့ ဖြစ်တာ။ အဓိက ကတော့ တပ်ရဲ့ စစ်မျဉ်းစည်း သဘောသဘာဝအရ ဖြစ်ကျတာ။ ကေအန်ယူက နယ်မြေပေးမကျော်ဘူး။ စပစ်တာ”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးက ကန်ညီနောင်ကျေးရွာမှာ အိမ်ထောင်စုဝင် ၄၇ စု နေထိုင်ကြပြီး နှစ်ဖက်တိုက်ပွဲကြောင့် အိမ်ထောင်စုဝင် ၄၇ စုဟာ မြိုင်ကြီးငူအနီးက မိုးဆန်းမြိုင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေရကာ ၀ဲကြီးကျေးရွာအခြေအနေကိုတော့ အခုထိမသိရသေးပါဘူး။
သြဂုတ် ၂၈ ရက် မနက် ၉ ခွဲခန့်က နှစ်ဖက် တိုက်ပွဲဖြစ်ပွားရာမှာ တပ်မတော် ဘက်က နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အဆိုပါကျေးရွာအနီးမှာ တပ်မတော်၊ ဘီဂျီအက်ဖ်၊ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသဖြစ်ပါတယ်။
ဒါကြောင့် ဒေသခံတွေ နေထိုင်စားသောက်ရေးအတွက် လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတဲ့အပြင် ဟင်းစားရှာဖွေဖို့တောင် မြေမြုပ်မိုင်း အန္တရာယ်ကြောက်ရတဲ့အတွက် အခက်အခဲ အမျိုးမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း - ရဲမင်းခေါင်