Home
သတင်းဓာတ်ပုံ
နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံ  ပြခန်းများသို့ လာရောက်ကြည့်ရှုသူ များပြား
DVB
·
August 7, 2018
နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံကြီး အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ သြဂုတ် ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပနေပြီး ဒီနေ့ ဒုတိယနေ့မှာ ပြခန်းတွေကို လာရောက်လေ့လာ ကြည့်ရှုသူတွေ များပြားနေပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးကော်မတီ (AAPP)၊ ၁၉၉၆-၉၇ ကျောင်းသားလှုပ်ရှားမှု ပြခန်း၊ ကာတွန်းပြခန်း၊ ၈ လေးလုံးပြတိုက်ပြခန်း၊ 10 D လှုပ်ရှားမှု၊ အကသ ကျောင်းသားလှုပ်ရှားမှု ပြခန်းတွေ ပြသထားတာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ပြခန်းမှာ မကဒတရဲ့ လက်နက်ကိုင်တော်လှန်ရေး အနှစ် ၃၀ ဖြတ်သန်းမှု၊ နှစ် ၃၀ အတွင်း ထိခိုက်ကျဆုံး ရဲဘော်တွေရဲ့ ဂုဏ်ပြုမှတ်တမ်းများ၊ မကဒတနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် စတာတွေကို ဓာတ်ပုံတွေနဲ့ တကွ ဝေဝေဆာဆာ ပြသထားပါတယ်။ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးကော်မတီရဲ့ ပြခန်းမှာ စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်ခဲ့ကြတဲ့ ရဟန်းပြည်သူ ကျောင်းသားတွေ အကျဉ်းထောင်ထဲ ရောက်ရှိခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နေထိုင်မှုပုံစံတွေ၊ ထောင် စစ်ကြောရေးစခန်းတွေမှာ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မှတ်တမ်းပုံရိပ်တွေ၊ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်မှု ပုံစံတွေကို ပြသထားပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းမှုပုံရိပ်တွေ၊ သူတို့ဖန်တီးထားတဲ့ အနုပညာ ပစ္စည်းတွေကိုလည်း ပြသထားသလို ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၁၅ ကျောင်းသားသပိတ် မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အင်းစိန်အကျဉ်းထောင်ပုံစံငယ်ကိုလည်း ပြသထားပါတယ်။ ဒါ့အပြင် ၉၆-၉၈ ကာလ ကျောင်းသားလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေ၊ လှုပ်ရှားမှုအတွင်း ရေးသားထုတ်ဝေခဲ့ကြတဲ့ စာစောင်စာတမ်းတွေထဲက ကဗျာနဲ့ ဆောင်းပါးတွေကို ခင်းကျင်းပြသထားပါတယ်။ အခြေခံပညာ ကျောင်းသားများသမဂ္ဂကလည်း ပြခန်းမှာ ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း အ.က.သ ကျောင်းသားတွေရဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ပြသထားတဲ့အပြင် “ဆန္ဒပြသူများ သောက်သုံးရန်” လို့ စာတမ်းရေးထားတဲ့ သောက်ရေအိုးလေးလုံးကို ထည့်သွင်းပြသထားတဲ့အတွက် ရှစ်လေးလုံးကာလ ဆန္ဒပြမှုများကို ပြန်ပြောင်း အမှတ်ရစေနိုင်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့တဲ့ အထိမ်းအမှတ် ၁၉၉၁ ဒီဇင်ဘာ ၁၀ မှာ နဝတ စစ်အစိုးရကို ဆန္ဒပြခဲ့ကြတဲ့ 10D ခေါ် နိုဘယ်လ်ငြိမ်းချမ်းရေး ကျောင်းသားလူငယ်များ လှုပ်ရှားမှု ပုံရိပ်တချို့ကို 10D ပြခန်းမှာ ပြသထားပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကာလက ထုတ်ဝေတဲ့ စာစောင်တွေ၊ မဂ္ဂဇင်း၊ သတင်းစာတွေမှာ မဆလ အစိုးရကို သရော်ရှုတ်ချတဲ့ ကာတွန်းတွေကို ရန်ကုန်တက္ကသိုလ်မှာ ဒီနေ့ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ပြသထားပါတယ်။ ဒါ့အပြင် ရှစ်လေးလုံးကာလ ဆန္ဒပြတဲ့ မှတ်တမ်းဗွီဒီယိုတွေကိုလည်း ထုတ်လွှင့်ပြသထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024