Home
ဆောင်းပါး
စမတ်ဖုန်းမျိုးဆက်တို့ရဲ့ ပညာရေး မထိခိုက်စေဖို့
DVB
·
August 2, 2018
"တခုခု ဖြစ်တော့မယ်၊ အဲဒါ ဘာဖြစ်မလဲဆိုတာကို မသိဘူးမဟုတ်လား၊ အန်ကယ်ဂျုန်းစ်၊" တခေတ်တခါက နာမည်ကျော် တေးသံရှင် ဘော့ဒိုင်လန် (Bob Dylan) ရဲ့ သီချင်းထဲက လူကြိုက်များလှခဲ့တဲ့ စာသားတကြောင်းပါ။ ဒီဘက်ခေတ်မှာလည်း သက်ဆိုင်နေတုန်းပါပဲ။ အထူးသဖြင့်တော့ လူမှုပြောင်းလဲမှုနှုန်းထား မြန်မြန်ဆန်ဆန် ဖြစ်ပျက်နေတာတွေရယ်၊ ခေတ်လူငယ်တွေရဲ့ အပြုအမူတွေကို သိနားလည်ဖို့ ကြိုးစားနေရရှာတဲ့ သက်ကြားရွယ်အိုတွေ အတွက်ပါ။ မူးယစ်ဆေးဝါးသဖွယ် စွဲလမ်းတပ်မက်နေကြပြီဖြစ်တဲ့ ကလေးများနဲ့ ဆယ်ကျော်သက် လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကိရိယာ တက်ဘလက်များနဲ့ စမတ်ဖုန်းများကို ကိုယ်နဲ့မခွာတမ်း ထားရှိပြီး ဆိုရှယ်မီဒီယာများကို အငမ်းမရ သုံးစွဲနေမှု ပြဿနာပါပဲ။ ကုန်းရုန်းထဖို့တောင် ကျားကုတ်ကျားခဲ ပြင်ဆင်နေရတဲ့ မြန်မာ့ပညာရေးအတွက် ဒစ်ဂျစ်တယ်ကိရိယာတွေဟာ ရန်သူလား၊ မိတ်ဆွေလား။ မျက်မှောက်ခေတ်က မြန်မာကလေးငယ်တွေကို ဘယ်လိုမျိုး ပြင်ဆင်ပေးနေပါသလဲ။ စိုးရိမ်စရာတွေ ရှိနေပြီလား။ တခုခုတော့လည်း တကယ်ပဲ ဖြစ်နေတာပါ။ လူငယ် လူရွယ်တွေဟာ သူတိုရဲ့ အချိန်နာရီတွေကို အန်းဒရွိုက်ဖုန်းများနဲ့ အိုင်ဖုန်းများကို ဖက်တွယ်လို့ ပိုမို ကုန်ဆုံးနေကြပြီ။ ကျောင်းချိန်တွေ အပါအဝင်ပါ။ ဓနသဟာယနိုင်ငံများ အွန်လိုင်းလုံခြုံရေး ကော်မရှင်ရဲ့ သုတေသနအရ အသက် ၈ နှစ်ကနေ ၁၃ နှစ်အတွင်း ကလေးငယ် သုံးပုံတပုံကျော်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ဖြုန်းနေကြတာကို တွေ့ရှိရတယ်။ ဆယ်ကျော်သက် အရွယ်ကို ရောက်ပြီဆိုတာနဲ့ ဒီကလေးဦးရေဟာ ၈၀ ရာခိုင်နှုန်းကျော် ဖြစ်လာပြီ။ သိပ်မကြာသေးခင်က အမေရိကန် သုတေသနလေ့လာမှု တခုအရဆိုရင် လူငယ်တွေဟာ တရက်ကို အကြိမ် ၈၀ ကျော် စမတ်ဖုန်းတွေ အသုံးပြုနေကြတယ် ဆိုပါတယ်။ ပညာရှင်များရဲ့ စိုးရိမ်တကြီး သတိပေးချက်တွေဟာ ပိုပြီးတော့ တိုးပွားလာနေတာပါ။ ကမ္ဘာကျော် ဖင်လန်ပညာရေးပညာရှင် ပါစီဆာဘာ့ဂ် (Pasi Sahlberg) က စမတ်ဖုန်းတွေဟာ ကျောင်းသူ ကျောင်းသားတွေကို စာဖတ်ခြင်း၊ ကျောင်းစာလေ့လာခြင်းနဲ့ ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းတို့အတွက် အကြီးအကျယ် အနှောင့်အယှက် ပေးနေကြပြီလို့ ပြောပါတယ်။ သူတို့ရဲ့  အိပ်ချိန်နာရီတွေကိုလည်း ထိခိုက်နေရပြီ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ အစိုးရအမိန့်နဲ့ မူလတန်း၊ အလယ်တန်းကျောင်းတွေမှာ စမတ်ဖုန်းသုံးတာကို ပိတ်ပင်တားဆီးလိုက်ပါပြီ။ အသက် ၁၆ နှစ်အောက် ကလေးတွေဟာ ဖေ့စ်ဘွတ်ခ် အသုံးပြုဖို့အတွက် မိဘတွေရဲ့ ထောက်ခံချက် လိုအပ်မယ့် အစီအစဉ်တွေ လုပ်နေပြီ။ ဖင်လန်ပညာရှင် ဒေါက်တာဆာဘာဂ့်က နိုင်ငံတိုင်းရဲ့ မူလတန်းကျောင်းတွေမှာ စမတ်ဖုန်း အသုံးပြုမှုကို ပိတ်ပင်တားဆီးသင့်ပြီလို့ အကြံပြုထားပါတယ်။ ပညာရေး ပညာရှင်တွေကသာလျှင် စိုးရိမ်မကင်း ဖြစ်နေကြတာ မဟုတ်ပါဘူး။ ဒီနှစ်အစမှာ ကမ္ဘာကျော် အက်ပဲလ် (Apple) ကုမ္ပဏီရဲ့ အကြီးဆုံး အစုရှယ်ယာဝင် အဖွဲ့အစည်းကြီး ၂ ဖွဲ့က အက်ပဲလ်ကို အိတ်ဖွင့်ပေးစာ ဖြန့်ခဲ့ပါတယ်။ အက်ပဲလ်ကုမ္ပဏီ အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းတွေရဲ့  စွဲလမ်းဖွယ်ရာ ဂုဏ်ရည်တွေကို လျှော့ချပေးဖို့ တောင်းဆိုလိုက်တာပါ။ လူငယ်များရဲ့ ဆိုရှယ်မီဒီယာအပေါ် (ဘိန်းစွဲသလိုမျိုး) တပ်မက်စွဲလမ်းနေမှုကို သုတေသန လေ့လာတွေ့ရှိချက်အရ ဖြစ်ပါတယ်။ စိုးရိမ်သောက တိုးပွားလာခြင်း၊ စိတ်ကျရောဂါ ခံစားရခြင်းနဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းတွေနဲ့ ဆက်စပ်နေပါပြီလို့ သုံးသပ် တင်ပြထားပါတယ်။ စိတ္တဗေဒပညာရှင်တွေကလည်း စမတ်ဖုန်းများကြောင့် လူတဦးနဲ့တဦး ဆက်ဆံရေးတွေဟာ အေးစက်ခက်ခဲ ပျက်စီးလာနေရပြီ၊ တကိုယ်တည်း အေးချမ်းစွာ နေထိုင်တတ်ဖို့ဟာလည်း မလွယ်ကူလှတော့ဘူးလို့ ပြောပြကြပါတယ်။ ဒီပစ္စည်းကိရိယာတွေ မရှိတဲ့ခေတ်မှာ မရှင်သန်ဘူးတဲ့ မျက်မှောက်ခေတ် မျိုးဆက်တွေအပေါ်မှာ သက်ရောက်မှုဟာ ပိုလို့ ကြီးမားနေတာပါ။ ဒီလို စိုးရိမ်ပူပန်နေရမှုတွေ ကျယ်ပြန့်လာနေခြင်းနဲ့ ဥပဒေဆိုင်ရာ အကာအကွယ်တွေ ထားရှိလာရတော့မယ့် အနေအထားတွေကြောင့် နည်းပညာကုမ္ပဏီကြီးတွေဘက်ကလည်း တုံ့ပြန်မှုတွေ ပြုလုပ်ရတော့တယ်။ အက်ပဲလ်ရဲ့ operating system အသစ်ထဲမှာ မိဘများက မိမိတို့ သားသမီးတွေရဲ့ စမတ်ဖုန်း အသုံးပြုမှုကို ပိုပြီး ထိထိရောက်ရောက် စောင့်ကြည့် ကြပ်မတ်နိုင်ဖို့ စနစ်တွေ ထည့်သွင်းထားကြပြီ။ အချို့သော အပလီကေးရှင်းတွေကို တရက်တာ အချိန်ကန့်သတ်မှုတွေလည်း မိဘတွေက သက်မှတ်ထားရှိနိုင်မယ်။ ဂူဂယ်လ်ကလည်း ဒီလိုမျိုး အလားတူ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ထားပြီ။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးကလည်း စာသင်ကျောင်းများမှာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချမှု တိုးတက်လာစေမယ့် ခြေလှမ်းအသစ်တွေ စတင်နေပြီ။ ကျောင်းသူကျောင်းသားများအတွက် စမတ်ဖုန်း စတဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေဟာ ပညာရေးခရီးမှာ အနှောင့်အယှက် ဖြစ်စေမယ့်အစား သင်ယူလေ့လာမှုအတွက် အသုံးဝင်တဲ့ ကိရိယာတွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ပါ။ စက်မှု၊ နည်းပညာ တော်လှန်ရေးတိုင်းဟာ စာရိတ္တမဏ္ဍိုင်ကို ပွန်းပဲ့ထိရှတတ်လေ့ ရှိတယ်။ အစွန်းတွေကို ရှောင်ကြဉ်နိုင်ဖို့ လိုအပ်နေပါပြီ။ ဒါမှမဟုတ်ရင်တော့ ဆောင်းပါးရဲ့ အစပိုင်း ဘော့ဒိုင်လန် သီချင်းထဲက အန်ကယ်ဂျုန်းစ်လို ဖြစ်လာကြတော့မယ်။ အချုပ်အနေနဲ့ဆိုရရင်တော့ ကလေးငယ်များအတွက် ဒစ်ဂျစ်တယ်ကမ္ဘာကြီးရဲ့ ကောင်းရာမွန်ရာ အကျိုးကျေးဇူးတွေဟာ အကန့်အသတ်မဲ့ပါပဲ။ နည်းပညာခေတ်မှာ ပညာရေးနည်းပညာ “အက်တက်ခ်” (Edtech) တွေဟာ စာသင်ခန်းထဲက ကလေးငယ်တိုင်း ကိုယ့်ရဲ့နှုန်းထားနဲ့ကိုယ် သင်ယူလေ့လာခွင့် ရရှိစေတဲ့အတွက် စက်ရုံဆန်ဆန် တခန်းလုံးကို စာသင်ကြားနေတဲ့ စတိုင် “factory model” ကို ပြောင်းလဲနိုင်စွမ်း ရှိနေပါပြီ။ အသက်တူ၊ ရွယ်တူ ကလေးတွေအားလုံး စုပြီး တခန်းလုံးကို တပုံစံတည်း သင်ကြားနေမှုပုံစံဟာ ဟောင်းနွမ်းဆွေးမြည့်နေပါပြီ။ စွန့်ဦးတီထွင် ဖန်တီးလိုတဲ့ ဆယ်ကျော်သက်ရဲ့ စိတ်ကူးနုနုလေးတွေအတွက် ဒစ်ဂျစ်တယ် နည်းပညာများက အရင်းအမြစ်တွေ တပုံတပင် စုဆောင်းထားပေးတယ်။ ဥပမာအနေနဲ့ တေးဂီတ ဝါသနာပါတဲ့ မြန်မာလူငယ်လေးအတွက် အနောက်တိုင်း၊ ရိုးရာဂီတ အစဉ်အလာ ဂီတပဒေသာ တစုံလုံးကို ခံစားနားဆင်နိုင်တယ်။ လေ့လာတီးခတ်နိုင်မယ်။ လေကြောင်းစက်မှုနည်းပညာ ဝါသနာပါတဲ့ ကျောင်းသားအတွက်လည်း လီယိုနာဒိုဒါဗင်ချီမှသည် ဘရောင်းဘရားသားရဲ့ ကနဦး လေယာဉ်ပုံစံဒီဇိုင်းနဲ့ နောက်ဆုံးပေါ် airbus ဒီဇိုင်းတွေကို အခမဲ့ 3D လေ့လာနိုင်ပြီ။ စာသင်ခန်းထဲကထက် ပိုပြီးထိရောက်နိုင်တဲ့ အင်္ဂလိပ်စာ အနာအကြားနဲ့ နှုတ်ပြောစွမ်းရည် listening and speaking skills အတွက် နေးတစ်စပီကာ (Native Speaker) များရဲ့ အခမဲ့ ဝက်ဘ်ဆိုက်တွေ ရှိနေပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတောင် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးနဲ့ ကျောင်းပညာရေးဟာ အဓိပ္ပာယ် အသစ်များစွာနဲ့ ရှိလာနေပါပြီ။ အပေါင်းလက္ခဏာ တပုံတပင်ကြားထဲမှာ အနုတ်လက္ခဏာ သဘောရှိနိုင်တဲ့ ဒစ်ဂျစ်တယ် နည်းပညာကို ဘယ်လိုမျိုး စီမံခန့်ခွဲကြမလဲဆိုတာ အခရာကျတဲ့ မေးခွန်းပါပဲ။ မြန်မာ ကျောင်းဆရာများ၊ ကျွမ်းကျင်သူ ပညာရှင်များနဲ့ ဥပဒေသမားတွေ အားလုံးဟာ ပါဝင် အသုံးတော်ခံကြရမယ့် အခန်းကိုယ်စီ ရှိနေနှင့်ပြီ။ စာသင်ချိန်အတွင်းမှာ မကြာမကြာ ဆယ်လ်ဖီဆွဲတင်နေတဲ့ အဖြူအစိမ်းဝတ် ကျောင်းဆရာမကို ဘယ်လိုဆုံးဖြတ်ကြမလဲ။ မိဘများရဲ့ အခန်းကဏ္ဍကတော့ဖြင့် အရေးပါဆုံးလို့ ဆိုရလိမ့်မယ်။ အကြံပေးပါရစေ။ မြန်မာကလေးငယ်များနဲ့ ဆယ်ကျော်သက် လူငယ်တွေကို စည်းကမ်းတကျ၊ နည်းလမ်းမှန်စွာနဲ့ သူတို့ရဲ့ စမတ်ဖုန်း မျက်နှာပြင်နဲ့ ခွာချိန်၊ ပူးချိန်ကို သတ်သတ်မှတ်မှတ် လိုချင်တယ်ဆိုရင်ဖြင့် မြန်မာမိဘများဟာလည်း စံနမူနာအနေနဲ့ စမတ်ဖုန်းနဲ့ ခွာချိန်၊ ပူးချိန်ကို စံပြ နေထိုင်သင့်ပါကြောင်း။ သိန်းနိုင် (မောက္ခပညာရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024