Home
မြန်မာသတင်း
ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနား ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်မည်
DVB
·
July 26, 2018
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ပြည့်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်မှာ  သြဂုတ် ၆ရက်ကနေ ၈ရက်ထိ သုံးရက်ကြာ ပြုလုပ်မှာဖြစ်ပါတယ်။ နှစ် ၃၀ပြည့်အခမ်းအနားမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ပါဝင်မှာဖြစ်ပြီး မည်သူမဆို ပါဝင်ဆွေးနွေးနိုင်တယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမြအေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဆွေးနွေးပွဲအနေနဲ့ ဒီမိုကရေစီရေးနှစ်သုံးဆယ်ခရီး၊ တိုင်းရင်းသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုနဲ့ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ်ဆိုပြီး ခေါင်းစဉ်သုံးခုခွဲထားပြီး နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ပကတိအခြေအနေတွေကို မိမိမြင်တဲ့အတိုင်း လွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။ ဆွေးနွေးလိုသူတိုင်းကို တံခါးဖွင့်ထားပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးများသုံးစွဲမှုကိုတော့ တားမြစ်ထားပါတယ်။ နှစ် ၃၀ပြည့် အခမ်းအနားမှာ ၈၈အရေးတော်ပုံကာလနဲ့ အဆက်ဆက်သက်ဆိုင်တဲ့ မှတ်တမ်းတွေကိုလည်း ပြခန်းတွေပြုလုပ် ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။ အခမ်းအနားပြီးဆုံးတဲ့ သြဂုတ် ၈ ရက်မှာတော့ ဆွေးနွေးပွဲ ရလဒ်သုံးသပ်ချက် စာတမ်းကို ပြည်သူလူထုထံ ထုတ်ပြန်တင်ပြသွားမှာလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံး နှစ် ၃၀ပြည့်အခမ်းအနားရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေ၊  တက်ကြွလှုပ်ရှားသူတွေ၊ အခြေခံလူတန်းစားတွေ အပါအဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထုတွေ တက်ရောက်ဆွေးနွေးကြဖို့ ဖိတ်ကြားထားပါတယ်။ အရင်က ရှစ်လေးလုံး နှစ်ပတ်လည်နေ့အခမ်းအနားတွေကို  ရန်ကုန်မြို့၊ သင်္ကန်းကျွှန်း မြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်မှာ ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြုလုပ်ခဲ့ကြပြီး ဒီနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024