၂ဝဝ၈ ဖွဲ့စည်းပုံကို ခြေဖြင့်တက်နင်းခဲ့သူအား အထက်အမိန့်ကြောင့် အရေးယူခဲ့ဟုဆို
ရန်နိုင်ဇော်ဝင်း
·
July 23, 2018
ကလေးစစ်သားဟောင်း အောင်ကိုထွေးကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ တက်နင်းခဲ့တယ်ဆိုပြီး နိုင်ငံတော်အမှတ်တံဆိပ်ဥပဒေနဲ့ ထပ်မံ အရေးယူရတာဟာ အထက်က အမိန့်ကြောင့် ဖြစ်တယ်လို့ တရားလို ဒုရဲမှူး မောင်မောင်က ထွက်ဆိုပါတယ်။
ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ရုံးချိန်းမှာ တရားလိုဒုရဲမှူးမောင်မောင်က ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေစာအုပ်ကို တက်နင်းခဲ့တဲ့ အောင်ကိုထွေးနဲ့ ပတ်သက်ပြီး သက်သေခံဓာတ်ပုံကို တင်ခဲ့ပေမယ့် အချက်အလက် မပြည့်စုံတဲ့အတွက် သက်သေခံ မတင်ဖြစ်ခဲ့ပါဘူး။
တရားလွှတ်တော် ရှေ့နေ ရောဘတ်စန်းအောင် “ကျနော်တို့ သံသယဖြစ်တာကတော့ အထက်အမိန့် ဆိုတာက ဥပဒေနဲ့မညီတဲ့ စကားပါ။ ဘယ်အထက်အမိန့် ဆိုတာ ကြေးနန်းစာလည်း မတင်ပြနိုင်ဘူး၊ ဖက်စ်လည်း မတင်ပြနိုင်ဘူးဆိုတော့ သူ့ပါးစပ်ထဲကထွက်တဲ့ အထက်အမိန့်ပဲ ရှိပါတယ်။ တကယ်တမ်းလည်း ဥပဒေအရဆိုရင် အထက်ကတော့ အဲဒီလို ညွှန်ကြားထားမှာ မဟုတ်ဘူး။ တရားရေးလုပ်ငန်း၊ ဥပဒေလုပ်ငန်းမှာ ဘယ်သူကမှ ဝင်ရောက်စွက်ဖက်လို့ မရဘူး”လို့ ပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားရင်ဆိုင်နေရတဲ့ ကိုအောင်ကိုထွေးကို တရားလို ရဲမှူးမောင်မောင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ရုံးချိန်းမှာ ထပ်မံတရားစွဲဆိုထားတာပါ။
ဒီအမှုမှာ ပါဝင်ပတ်သက်သူ ၃ ဦးရှိတယ်လို့ ဆိုပေမယ့် ဇူလိုင် ၁၆ ရက်နေ့မှာတော့ အောင်ကိုထွေးတယောက်ကိုဘဲ ရုံးထုတ်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။