၂၁ ရာစုပင်လုံ ကျင်းပနေချိန် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်
DVB
·
July 14, 2018
နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပနေချိန်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကေအိုင်အေ တပ်မဟာ ၉ နယ်မြေဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ဒီမနက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်နေတဲ့ ကေအိုင်အေ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က အတည်ပြုပြောပါတယ်။
ဖားကန့်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမတ် ဦးဒါရှိလဆိုင်းက “ဖားကန့်နဲ့ ကာမိုင်းကြားလမ်းမကြီးရဲ့ဘေး အတွင်းဘက်ပေါ့။ ကေအိုင်အေ တပ်ရင်း ၆ ရဲ့ လက်အောက်ခံ ခွဲ ၄ ရှိတဲ့နေရာ။ အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ရောက်သွားတော့ တိုက်ပွဲတွေ ဖြစ်တယ်။ မနက် ၇ နာရီကျော်လောက်က ဖြစ်တယ်။ လောလောဆယ် အခြေအနေကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
၂၁ ရာစုပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာပါ။
ညီလာခံကို ကေအန်ယူအပါဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အန်စီအေ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ ဝ၊ ကိုးကန့်နဲ့ ကချင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့လည်း တက်ရောက်နေပါတယ်။