ရွှေတိဂုံစေတီ ဓာတ်လှေကားချို့ယွင်းပါက ကူညီကယ်ဆယ်ရေး အမြန်လုပ်နိုင်ရေး လေ့ကျင့်
သူဇာလင်း
·
July 8, 2018
ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဓာတ်လှေကားတွေ စက်ချို့ယွင်းမှု ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးတွေကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိမှာ ဓာတ်လှေကားမောင်းနှင်သူတွေကို ကြိုတင်လေ့ကျင့်ပေးတာတွေကို လုပ်ဆောင်နေပါတယ်။
အခုလို လေ့ကျင့်ပေးတာကိုတော့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ နဲ့ မစ်ဆူဘီရှီ ကုမ္ပဏီက ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။
လစဉ်လုပ်ဆောင်သွားမှာဖြစ်ပြီး ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ နှစ်ကြိမ်လုပ်ဆောင်သွားမှာပါ။
ပြီးခဲ့တဲ့ မေလတုန်းက အရှေ့ဘက် ဓာတ်လှေကား ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ပြည်သူတွေ ဓာတ်လှေကားထဲ ၁ နာရီနီးပါး ပိတ်မိခဲ့တာကြောင့် အခုလို လေ့ကျင့်တာတွေ လုပ်ဆောင်ခဲ့ရတာလို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။
လက်ရှိ ရွေှ့တိဂုံစေတီတော်ရဲ့ တောင်ဘက်မုခ်၊ အရှေ့ဘက်မုခ်နဲ့ မြောက်ဘက်မုခ် ဓာတ်လှေကားတွေ တပ်ဆင်ပေးထားပြီး ဘုရားဖူးပြည်သူတွေတွေအနေနဲ့ အခုလို ပြဿနာတွေမဖြစ်ပေါ်အောင် စည်းကမ်းတကျစီးနှင်းဖို့လည်း လမ်းညွှန်ထားပါတယ်။