ရော့စ်ဒန်ကလေအပါအဝင် ၉ ဦးကို ချုပ်ရမန်ထပ်ယူ၊ မူးယစ်ပုဒ်မ ၃ ခုဖြင့်စွဲချက်တင်
DVB
·
July 6, 2018
မြန်မာတိုင်းမ် ဂျာနယ် အမှုဆောင်အရာရှိချုပ်ဟောင်း သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေ အပါအဝင် ၉ ဦးကို ဗဟန်းတရားရုံးမှာ ချုပ်ရမန်ရယူကာ အနောက်ပိုင်းခရိုင်တရားရုံးကို ပြောင်းရွှေ့ပြီး မူးယစ်ဆေးဝါးပုဒ်မ ၃ ခုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်လို့ နောင်ရုံးချိန်းတွေမှာ အနောက်ပိုင်းခရိုင်တရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးသွားတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် ညပိုင်းမှာ ရော့စ်ဒန်ကလေ ငှားရမ်းနေထိုင်တဲ့ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပြီး ဇွန် ၇ ရက် မနက်ပိုင်းမှာတော့ သူအပါအဝင် ကျား ၃ဦး မ ၆ ဦး စုစုပေါင်း ၉ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဥပဒေ ပုဒ်မ ၁၉(က) ပုဒ်မ ၂ဝ(က) နဲ့ ပုဒ်မ ၂၁ တို့နဲ့ အမှုဖွင့် အရေးယူခဲ့တာပါ။
အဆိုပါဖမ်းဆီးခံရသူတွေနဲ့ အတူ WY စိတ်ကြွဆေးပြား ၇၉၇ ပြား ICE ၃ဝ၃ ဂရမ် အပါအဝင် အခြား မူးယစ်ဆေးဝါးတွေကိုလည်း လက်ဝယ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။