Homeမြန်မာသတင်း
မြင်းခြံမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်ရပ်တည်ရန် အခက်ကြုံ
မြင်းခြံမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်ရပ်တည်ရန် အခက်ကြုံ
DVB
·
July 4, 2018
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လစာငွေရရှိမှု နည်းပါးနေတဲ့အတွက် သင်ကြား ပေမယ့် ဆရာ၊ ဆရာမ ရှားပါးလာပြီး ရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကိုးဆောင်ဇေယျသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဥက္ကဋ္ဌဆရာတော် ဦးအာစိဏ္ဏ က မိန့်ဆိုပါတယ်။
ဆရာတော် ဦးအာစိဏ္ဏ မိန့်တာက “ခု ဘက စာသင်ကျောင်းတွေမှာ အခက်အခဲတွေ ရှိလာနေပြီ၊ အဓိကပျက်သာနာက ဆရာ/ဆရာမတွေရဲ့ လစာရရှိမှု နည်းပါးတဲ့ အချက်ပါပဲ၊ အစိုးရထောက်ပံ့ငွေက ၃၆၀၀၀ ကျပ် ရရှိတယ်။ ကျန်တဲ့ပိုက်ဆံကို ဘုန်းကြီးတွေက အနည်း အကျဉ်းထပ်ပြီး ထောက်ပံ့ပေးရတယ်၊ ဆရာ/ဆရာမတွေက ပေးတဲ့ လစာနဲ့ မလုံလောက်တော့ အခြားကို ပြောင်းရွေ့လုပ်ကိုင်လာကြတယ်။ ဆရာ/ဆရာမ အင်အားနည်းလာတော့ အုပ်ချုပ်ရေး အပိုင်းမှာ ထိခိုက်လာတာပေါ့။ ခုပေးနေတဲ့ လစာနဲ့က ထပ်ခေါ်ယူဖို့ မလွယ်တော့သလို ရှိပြီးသား ဆရာ / ဆရာမတွေကလည်း ဒီလစာနဲ့ဆို တစ်ဖြည်းဖြည်းနဲ့ အကုန် ထွက်သွား ကြမှာ ဖြစ်တဲ့အတွက် ဘက စာသင်ကျောင်းတွေဟာ ရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲ အများကြီး ရှိတယ်။ လက်ရှိ အစိုးရအနေနဲ့လည်း ဘက ကျောင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် စဉ်းစားပေးစေချင်တယ်”လို့ ဒီဗွီဘီ ကို မိန့်ပါတယ်။
ဘက စာသင်ကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေရဲ့ လစာငွေဟာ အနည်းဆုံး ၅၀,၀၀၀ ကျပ်မှ အများဆုံး ၇၀,၀၀၀ ကျပ်အထိသာ ရရှိတာ ဖြစ်တဲ့အတွက် ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်တာကြောင့် သင်ကြားပေးမယ့် ဆရာ/ဆရာမတွေ စိတ်ဝင်စားမှု တဖြည်းဖြည်း နည်းလာတယ်လို့ သိရပါတယ်။
"ဘက ကျောင်းတွေကို သင်ကြားတဲ့နေရာမှာ ပေးတဲ့လစာနဲ့ဆိုရင်တော့ အဆင်မပြေဘူး ပေါ့။ ဒါပေမယ့် ကလေးတွေအတွက် ပညာပါရမီဖြည့်ပေးချင်တဲ့ ပရဟိတစိတ်ဓာတ်နဲ့ သင်ကြား ပေးနေတာပါ။ ရေရှည်တော့ အဆင်မပြေပါဘူးလို့ ဘက ကျောင်းမှာ သင်ကြားပေးနေတဲ့ ဆရာမ တဦး က ပြောဆိုပါတယ်။
မြင်းခြံမြို့နယ်မှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၆ ကျောင်းရှိပြီး၊ အလယ်တန်း အဆင့် ၃ ကျောင်း၊ မူလွန်ကျောင်းအဆင့် ၅ ကျောင်းနဲ့ မူလတန်းကျောင်း ၁၈ ကျောင်း ပါဝင်တာ ဖြစ်ပြီး သင်ကြားပေးနေတဲ့ ဆရာ /ဆရာမ (၁၂၇) ယောက်ရှိကာ ကျောင်းသား/သူ ၄၈၃၈ ယောက်တို့ ပညာသင်ကြားနေတာလည်း ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)