မကရင်မအမှု တရားလိုရှေ့နေ မရောက်ခင်ရုံးထုတ်
DVB
·
June 28, 2018
အိမ်အကူ မကရင်မသေဆုံးမှုမှာ တရားလိုရှေ့နေမပါဘဲ ရုံးထုတ်ခဲ့တာ သံသယ ရှိတယ်လို့ မကရင်မဘက်က အကျိုးဆောင်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်ထောင်စုရှေ့နေ အထောက်အကူပြုအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
“ပြီးခဲ့တဲ့ရုံးချိန်းမှာ တရားသူကြီးကို နှစ်နာရီရောက်မယ့်အကြောင်း သေချာပြောပြခဲ့တယ်။ တရားသူကြီးကလည်း လက်ခံခဲ့တယ်။ ဒါပေမယ့် ဒီနေ့ တရားလိုရှေ့နေမပါဘဲ တရားခံကို ရုံးထုတ်သွားတယ်။ ကျမရဲ့ကဏ္ဍကို ထည့်သွင်းမစဉ်းစားတာ ကျမအနေနဲ့ သံသယဖြစ်ပါတယ်။ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ တောင်းဆိုပါတယ်”လို့ တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
ဒါ့ပြင်တရားစွဲဆိုခံထားရတဲ့ အိမ်ရှင်ဖြစ်သူ ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုကို ရဲအင်အားသုံးပြီး အကာကွယ်ပေးထားတာ၊ ဒေါ်သိင်္ဂီစုကိုယ်တိုင်က မျက်နှာကို အထပ်ထပ်ကာထားတာဟာ အမှုကို စိတ်ဝင်တစား စောင့်ကြည့်နေကျသူတွေကို အထင်မှားစေတယ်လို့လည်း ဆက်ပြော ပါတယ်။
“လူစားလဲထားတာလား၊ ဘာလားပြည်သူတွေက ထင်နိုင်တယ်။ ပြီးတော့ မလိုအပ်ပဲ ရဲအင်အားတွေ အများကြီးသုံးထားတာ ရဲစခန်းမှာ ရဲတောင် ကျန်သေးရဲ့လားလို့ မေးချင်တယ်။”
ပြီးခဲ့တဲ့ ရုံးချိန်မှာရော အခုရုံးချိန်းမှာပါ ဒေါ်သိင်္ဂီစုကို ရဲအင်အားအများအပြားသုံးပြီး လုံခြုံရေးအတွက် အကာအကွယ်ပေးထားခဲ့တာပါ။
မကရင်မကို လိုက်ပါကူညီပေးခဲ့တဲ့ ကိုပီတာဖြိုးကတော့ ဒီလို တရားလိုဘက်က မလာခင် ရုံးထုတ်တာဟာ မျက်နှာလိုက်နေသလိုဖြစ်နေတယ်လို့ ပြောပါတယ်။
“ပထမတခေါက်တုန်းကလည်း တွံတေးမှာ ယမန်ယူတယ်။ ယမန်ယူတဲ့အခါမှာ မီဒီယာတွေစောင့်နေတယ်။ ကျနော်တို့ လိုက်ပါကူညီတဲ့ လူတွေကလည်း စောင့်နေတယ်။ ခါတိုင်းလိုဆိုရင် တရားရုံးက ၁၀ နာရီကျော်မှ ရုံးထိုင်တယ်။ ဒါပေမယ့် အဲဒီနေ့ကကျတော့ ၉ နာရီထိုးချက်ချင်းယမန်ယူပြီး ချက်ချင်းပြန်ပို့လိုက်တယ်။ အဲဒီခါကျတော့ မီဒီယာတွေလည်း မမှီလိုက်ဘူး။ ကျနော်တို့လည်း ဘာမှမသိလိုက်ရဘူး။ ဒီနေ့ကျတော့လည်း ကျနော်တို့ အရှေ့မှာစောင့်နေတယ်။ ဒါပေမယ့် ကျနော်တို့ မသိလိုက်တဲ့အချိန်မှာပဲ တရားခံကို တရားခွင်ကို ထုတ်တယ်။ ထုတ်ပြီး သူတို့ရှေ့နေကနေပြီး ပါဝင်တင်တယ်ပေါ့။ တင်ပြီပြန်ခေါ်သွားတယ်ပေါ့။ တကယ်တန်း နစ်နာတာက တရားလိုပေါ့။ ”
ဒေါ်သိင်္ဂီစုရဲ့ တရားလွှတ်တော်ရှေ့နေကတော့ “ကျနော်ကလည်း ဒါမျိုးမလုပ်ဖို့ သူ့ကို ပြောပြပါတယ်။ ဒါပေမယ့် သူက ခုနေမှာ ရုံးထုတ်အစလည်းဖြစ်လို့ သားသမီးတွေလည်း ရှိလို့ အမျိုးသမီးလည်း ဖြစ်တာကြောင့် သူ့မျက်နှာကို မမြင်စေချင်တာပါ။ အမှုက တဖက်က အင်အားကြီးတယ် ငယ်တယ်မရှိပါဘူး။ ဘယ်သူမှလဲ မပါပါဘူး။”လို့ ပြောပါတယ်။
လက်ရှိမှာ တပ်မတော်အရာရှိတဦးရဲ့ ဇနီးဖြစ်ပြီး ဥပဒေအရာရှိဖြစ်တဲ့ ဒေါ်သိင်္ဂီစုကို အိမ်အကူ မကရင်မသေဆုံးမှုနဲ့ ပတ်သတ်ပြီး လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ တရားစွဲတင်ထားတာပါ။
ပြီးခဲ့တဲ့ မေလထဲမှာ တွံတေးမြို့နယ်၊ အုတ်ဖိုကျေးရွာက အသက် ၃၅နစ်အရွယ် မကရင်မ ကို အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုက သူ့အိမ်ကနေ ရွာကိုပြန်လည်ပို့ဆောင်ပြီး နာရီပိုင်းအတွင်းမှာပဲ မကရင်မ သေဆုံးခဲ့တာပါ။
မကရင်မ မသေဆုံးခင်မှာ ဒေါ်သိင်္ဂီစုက သူ့ကို ညှဉ်းပမ်းနှိပ်စက်ခဲ့တယ်လို့ ကျေးရွာလူကြီးတွေကို ပြောဆိုခဲ့တာကြောင့် ကျေးရွာလူကြီးတွေက တရားလိုပြုလုပ်ပီး အိမ်ရှင်ဖြစ်သူကို တရားစွဲဆိုခဲ့ကြတာပါ။
သေဆုံးသူ မကရင်မမှာ သားသမီးလေးဦးကျန်ခဲ့ပြီး လက်ရှိမှာတော့ လူမူဝန်ထမ်း ဦးစီးဌာနက ကလေးတွေကို ခေါ်ယူစောင့်ရှောက်ထားပါတယ်။
တရားစွဲဆိုခံထားရတဲ့ ဒေါ်သိင်္ဂီစုကို ဇွန်လ ၁၄ ရက်က ပထမဆုံးကြိမ် ရုံးထုတ်တဲ့ နေရာမှာ ရဲအင်အားအများပြားသုံးပြီး မျက်နှာကို အထပ်ထပ်ကာကွယ်ထားသလို ရုံးချိန်း စဖွင့်ချိန်မှာပဲ ရုံးထုတ်စစ်ဆေးခဲ့တာပါ။
ဒီအမှုကို မကရင်မဘက်က ပြည်ထောင်စုလွှတ်တော် အထောက်အကူပြုအဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လိုက်ပါ ကူညီဆောင်ရွက်ပေးနေသလို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း စောင့်ကြည့်ပေးနေ ပါတယ်။
ဒီမှုနဲ့ပတ်သက်ပြီး နောက်တပတ်ရုံးချိန်းကိုတော့ ဇူလိုင် ၁၁ ရက်ကို ထပ်မံ ချိန်းဆိုထားပါတယ်။
သတင်း- အိမမမွန်- နော်နိုရင်း