Home
မြန်မာသတင်း
မန္တလေး ဒေါနခြံရပ်တွင် ဆိုင်ကယ်ဖိုးကျန်ငွေတောင်းရာမှ လူသတ်မှုဖြစ်ပွား
DVB
·
June 21, 2018
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်ကွက်မှာ ဇွန် ၁၉ ရက် ညပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဇွန် ၁၉ ရက် ည ၉ နာရီကျော်လောက်က  ဒေါနခြံရပ်ကွက်နေထိုင်သူ သိန်းထွန်းထံသို့ သိန်းစိုးအောင်နဲ့ ဇနီး မလှလှဌေးတို့ရောက်ရှိခဲ့ပြီး ဆိုင်ကယ်ဖိုးကျန်ငွေ ၃၀၀၀၀ ကျပ် တောင်းတဲ့အခါ သိန်းထွန်းက မနက်ဖြန်ပေးမယ်လို့ ပြောတဲ့အတွက် သိန်းစိုးအောင်က ပြန်ဖို့ ပြင်နေစဉ် သိန်းထွန်းက စိတ်ဆိုးသွားတာလားလို့ ပြောဆိုပြီး သိန်းစိုးအောင်ကို စကေဘာနဲ့ ထိုးပြီး ထွက်ပြေးသွားတာပါ။ စကေဘာ အထိုးခံရတဲ့ သိန်းစိုးအောင်ရဲ့ ဝဲနို့အုံအောက် ထိုးသွင်းပေါက်ပြဲဒဏ်ရာနဲ့ မန္တလေးဆေးရုံကြီးသို့ ဆေးကုသမှုခံယူဖို့သွားတဲ့လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။ သိန်းစိုးအောင် သေဆုံးမှုအတွက် သိန်းထွန်းကို အရေးယူပေးဖို့ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀)မြို့မရဲစခန်းကို မလှလှဌေးက တရားလိုပြုလုပ် တိုင်တန်းခဲ့တဲ့အတွက် ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေချိန် ဇွန်လ ၂၀ ရက် မနက် ၁၂ နာရီခွဲလောက်မှာ ပြစ်မှုကျူးလွန်သူကို အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းအနောက်ထိပ်၊ ရှုခင်းသာပန်းခြံအနီး သဲပုံပေါ်တွေ့ရှိတယ်လို့ သတင်းအရ ပုန်းအောင်းနေရာမှ လုံးထွေး ဖမ်းဆီးရမိခဲ့ပါတယ်။ မန္တလေးခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ''သူနေထိုင်ဖူးတဲ့နေရာကို သွားရောက် စစ်ဆေးပြီး ဖမ်းဆီးရမိဖို့ လုပ်ခဲ့ပါတယ်။ ဒီနေ့ မနက် ၁၂ နာရီကျော်လောက်မှာ ရှုခင်းသာ ပန်းခြံအနီး တွေ့တယ်ဆိုလို့ ချက်ချင်းသွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကိုရော သက်သေခံပစ္စည်းကိုရော ရှာဖွေသိမ်းဆည်း ဖမ်းဆီးရမိပါပြီ '' လို့ ဒီဗွီဘီကို ပြောပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ အရိုးအသွားအရှည် ၁၂ လက်မခန့်ရှိ သုံးမြှောင့် စကေဘာကို အခင်းဖြစ်ရပ်အနီး ခြုံပုတ်အတွင်းလွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုချက်အရ ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀)မြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူ ကိုသိန်းထွန်း (၃၀)နှစ်ကို (ပ)၁၈၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူထား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024