ကောလင်းမြို့တွင် လူ ၄၀ ကျော် အစာအဆိပ်သင့်
DVB
·
June 21, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်ရှိ နာရေးအိမ်ကကျွေးတဲ့ အစားအစာတွေ စားမိရာက လူ ၄၀ ကျော် အစာအဆိပ်သင့်မှု ဇွန် ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့နယ် ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။
ဇွန် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်ရှိ ဒေါ်အုန်းမေ အသက် (၉၁)နှစ်ရဲ့ နာရေးမှာ ကျွေးမွေးတဲ့ ထမင်း၊ ငါးခြောက်၊ သရက်ချဉ်သုပ်၊ မှန်ရောင်ဟင်းချို၊ ငရုပ်သီးကြော်၊ ပဲနှပ်ဟင်း တို့ကို စားသောက်ပြီး ညနေ ၃ နာရီအချိန် ဗိုက်နာ၊ မူးဝေ၊ အော့အန်တာတွေ ဖြစ်ပွားခဲ့တာပါ။
ကောလင်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးဆွေက “ဆေးရုံမှာ လူနာ အားလုံးပေါင်း ၄၂ ယောက်ရှိပါတယ်။ ကုသတာတွေ လုပ်ပေးနေပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး။ မနေ့က ညနေ ၅ နာရီခွဲ ၆ နာရီလောက်က ရောက်လာကြတာပါ။ သူက ကျွေးတာက ငါးခြောက်တို့ သရက်ချဉ်တို့ ပဲဟင်းတို့ ပါတယ်ပေါ့နော်။ ဘယ်ဟာက ဖြစ်တယ် ဆိုတာ အတိအကျကြီးတော့ ပြောလို့မရဘူး။ အများအားဖြင့် ငါးခြောက်ကဖြစ်နိုင်တယ်လို့တော့ ယူဆရပါတယ်။ မူးတယ်၊ ဗိုက်နာတယ်၊ အန်တယ်၊ ဝမ်းလျော့တယ် အစာအဆိပ်သင့်တဲ့ လဏ္ခာပါ”လို့ ပြောပါတယ်။
ဇွန် ၂၁ ရက်အထိ ကျား ၁၉ ဦး မ ၂၃ ဦး စုစုပေါင်း လူ ၄၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပြီး စိုးရိမ်စရာ အခြေအနေ မရှိကြောင်း သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)