၁၆ နှစ် မိန်းကလေးငယ်အား အဓမ္မကျင့်မှုဖြင့် အမျိုးသားတဦးကို ထိုင်းရဲဖမ်းဆီး
DVB
·
June 17, 2018
အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို ရိုက်နှက်အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားတဲ့ အမျိုးသား ၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ Pattayaone သတင်းဌာနကဖော်ပြပါတယ်။
အဖမ်းခံရသူဟာ အသက် ၄၄ နှစ်အရွယ် ဆွမ်ချိုင်ယန်ဂျစ်ဆိုသူဖြစ်ပြီး သူ့ကို စနေနေ့ည Phitsanulok ခရိုင် Naresuan တံတားအောက်မှာဖြစ်ခဲ့တဲ့ အဓမ္မမှုနဲ့ ဖမ်းဆီးလိုက်တာပါ။
ဒီဖြစ်စဉ်ဟာ စနေနေ့ညဦးပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြစ်ကမ်းနံဘေးမှာ ထိုင်နေစဉ် ဆွမ်ချိုင်က သူ့အနားကို ချဉ်းကပ်လာကြောင်း၊ ဆွန်ချိင် မူးနေလို့ သူမထွက်ပြေးစဉ် ပုလင်းနဲ့မျက်နှာကို ရိုက်ခဲ့ကြောင်း အကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးငယ်က ရဲတပ်ဖွဲ့ကို ပြောပါတယ်။
အဲ့ဒီနောက်မှာ သူမကို တံတားအောက်မှာရှိတဲ့ ရေဆိုးပိုက်ဆီဆွဲခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့တာလို့ သူမက ဆက်လက်ပြောကြားပါတယ်။
တံတာားအောက်ကို ရောက်သွားချိန်မှာ အမျိုးသမီးငယ်က ငါးမျှားနေတဲ့လူတွေကို မြင်တွေ့အော်ဟစ် အကူအညီတောင်းခဲ့ပါတယ်။
“ကျနော်တို့ ငါးမျှားနေတဲ့အချိန် ၈ နာရီ ၁၅ မိနစ်လောက်မှာ မိန်းကလေး တစ်ယောက်ရဲ့ အကူအညီတောင်းသံကို ကြားခဲ့ရပါတယ်။ ကျနော်တို့ အဲ့ဒီနေရာကို ရောက်သွားချိန်မှာတော့ ကျူးလွန်သူက ထွက်ပြေးသွားခဲ့ပါပြီ” လို့ သွားရောက်ကူညီခဲ့တဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒီအမျိုးသားက ရဲတပ်ဖွဲ့ကို ဆက်သွယ်တိုင်ကြားခဲ့ပြီး ရဲတွေက ပြစ်မှုကျူးလွန်သူကို ရေဆိုးပိုက်များကြား ၃ နာရီကြာ ရှာဖွေခဲ့ပေမယ့်လည်း မတွေ့ခဲ့ရပါဘူး။
တနင်္ဂနွေနေ့ မနက် ၃ နာရီလောက်မှာ သံသယရှိသူကို တခြားနေရာမှာ တွေ့တယ်ဆိုတဲ့ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ခဲ့ပြီး နန်မြစ်ထဲမှာ ရေကူးနေတဲ့ ဆွမ်ချိုင် ကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဆွမ်ချိုင်က သူဟာ အမျိုးသမီးငယ်ကို အဓမ္မကျင့်ခဲ့ခြင်းမရှိကြောင်း၊ သူမထံမှ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုရယူရန် ဘတ် ၁၅၀ နဲ့ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာ ငွေမပေးတဲ့အတွက် စကားများရန်ဖြစ်ခဲ့ခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပါတယ်။
ဆွမ်ချိုင်ဟာ အသက် ၁၃ နှစ်အရွယ်က လေးငယ်တစ်ဦးကို အဓမ္မကျင့်မှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရသူဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထောင်မှ လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။