ငဖဲမြို့နယ်တွင် တိရိစ္ဆာန်အစိတ်အပိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ဖမ်းမိ
DVB
·
June 17, 2018
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာမှာ ဇွန် ၁၆ ရက်နေ့က တိရိစ္တာန်အစိတ်အပိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးဌာနကြီး မှုခင်းဌာန၊ ပဒါန်းရဲကင်းစခန်း၊ သစ်တောရဲတပ်ဖွဲ့နဲ့ ငဖဲမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပဒါန်းကျေးရွာ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ တရုတ်ကလေး (ခေါ်) လီကွမ်းယု အိမ်ကို သတင်းအရ ရှာဖွေရာမှာ အခုလို ဖမ်းဆီးခဲ့တာလို့ ပဒါန်းရဲကင်း စခန်းမှူး ရဲအုပ်ကျော်ဇေယျက ဒီဗွီဘီ ကို ပြောပါတယ်။
ဂိုတောင်တွင်းက သမင်ဦးချို ၃ ခု၊ အရေခွံခွာပြီးသား သင်းခွေချပ် အစို ၄ ကောင်၊ ဝက်ဝံအရေခွံပိုင်းအစို ၄ ခု၊ ဝက်ဝံအရေခွံနဲ့တွဲလျက် အသားတွဲ ၁ ပိဿာလောက်ရှိ ၁ တုံး၊ ဝက်ဝံဦးခေါင်း အစို ၁ ခု၊ ဆင်နှာခေါင်းသားအစို ၁ တုံး၊ ဆင်အရေခွံ အစို အတုံးသေး ၄ ခု၊ ဝက်ဝံအဆီ ပလတ်စတစ်ဘူးစိမ်းနဲ့ ၁ ဘူ၊ ဖြူစူး ၂၀ သားလောက်နဲ့ အမိုနီယန်နိုက်ထရိတ် ၃ အိတ်၊ ဒစ်တိုနီတာ ၁၈ စည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ တရုတ်ကလေး(ခေါ်)လီကွမ်းယု ကို ငဖဲမြို့မရဲစခန်းမှာ ဇီဝမျိုးစုံ/ မျိုးကွဲ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင်ရှောက်ခြင်းဆိုင်ရာ ပုဒ်မ ၄၀(က)/ ၄၁(က)နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာ ဥပဒေပုဒ္မ-၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး