Home
မြန်မာသတင်း
“ကားစီးဖို့ ဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်ဟု” ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော
DVB
·
June 11, 2018
အစိုးရအဖွဲ့ ဝန်ကြီးတွေ သုံးစွဲဖို့ ကားဝယ်ယူတဲ့ ကိစ္စဟာ အဆောင်အယောင်ဥပဒေနဲ့ လိုအပ်ချက်အရ ဆောင်ရွက်တာဖြစ်ပြီး  အခွင့်အရေးယူတာ မဟုတ်သလို ကားစီးဖို့ ဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်ဘူးလို့လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဇွန် ၁၀ ရက်က  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံး ခန်းမမှာ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ တိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့က နိုင်ငံရေးတာဝန်တွေကို လာပြီး ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခွင့်အရေး လာယူနေတာ မဟုတ်ပါဘူး။ ကျနော်တို့  ဖြတ်သန်းခဲ့မှုတွေမှာ ကြမ်းတမ်းမှုတွေ များစွာရှိပါတယ်။ ဒီအတွက် ဒီတာဝန်တွေကို ယူနေကြတယ်။ ဝန်ကြီးတွေကို တာဝန်ပေးတယ်ဆိုတာ ဒီတာဝန်တွေနဲ့အတူ အခွင့်အရေးယူပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကို အလွဲပြုလို့ မရနိုင်ပါဘူး။ ကျနော်တို့ အားလုံးဟာ ယုံကြည်မှုတွေအတွက် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ တိုင်းပြည်တိုးတက်အောင်၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေအတွက် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအတွက် ကားစီးဖို့ ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ကျနော်ပြောချင်ပါတယ်”လို့ ပြောပါတယ်။ အစိုးရအဖွဲ့ဝန်ကြီးတွေ သုံးစွဲဖို့ ကားဝယ်ယူမယ့်ကိစ္စမှာ အဆောင်အယောင်ဥပဒေနဲ့ လိုအပ်ချက်အရ ဆောင်ရွက်တာဖြစ်ပြီး  လျာထားငွေ သတ်မှတ်ချက်ကို တင်ပြခြင်းသာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ “အဆောင်အယောင်အရ  ကျနော်တို့ တိုင်းဒေသကြီးရဲ့ဘက်ဂျက်ကနေ ဝယ်ရမှာ မဟုတ်ပါဘူး။ ဒါက ပြည်ထောင်စုကနေ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနဘက်ကနေ ကျနော်တို့ကို ချပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ပြည်ထောင်စုစီမံ၊ဘဏ္ဍာဝန်ကြီးဌာနနဲ့ ကျနော်တို့ ဆွေးနွေးနေပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနဘက်ကနေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒီကားတွေကို ဝယ်ယူစရာ မလိုအပ်တော့ပါဘူး။ ဒီငွေတွေကို ကျနော်တို့တိုင်းအတွင်း လိုအပ်တဲ့ အခြားနေရာတွေမှာ သုံးစွဲခွင့်ရသွားမှာ ဖြစ်သလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုသုံးစွဲနိုင်ခွင့် ရသွားမှာ ဖြစ်ပါတယ်။ အခု ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပါတယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ စီးနေတဲ့ ကားတွေဟာ ခေတ်မမီတော့တာကြောင့် ဖို့ဒ်ကားအသစ် ၁၀ စီး ဝယ်ယူစီးနင်းခွင့်ပြုပေးဖို့  ငွေကျပ် သိန်း ၁၀၀၀၀ ခွင့်ပြုပေးဖို့ ဇွန်လ ၄ ရက်က တိုင်းစီမံဘဏ္ဍာဝန်ကြီးက တောင်းခံခဲ့ရမှာ ရန်ကုန်တိုင်းလွှတ်တော်က ခွင့်မပြုဘဲ ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အစိုးရသက်တမ်းမှာ သုံးစွဲခဲ့တဲ့ကားတွေကို အခုဝန်ကြီးတွေကို ပေးထားတာဖြစ်ပြီး  ကားတွေအားလုံးဟာ စက်မှုဝန်ကြီးဌာနက ထုတ်လုပ်လုပ်တဲ့ ကားတွေဖြစ်သလို ဂျုံးဂျုံးကျနေပြီ ဖြစ်တာကြောင့် လက်ရှိ ဝန်ကြီးတွေက ကိုယ်ပိုင်ကားတွေကို သုံးစွဲပြီး ရုံးတက်ကြရတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024