Home
ဆောင်းပါး
ကျောင်းအဆင့်တိုးခြင်းနှင့်အတူ ပါလာတတ်သည့် သောကများ
DVB
·
June 4, 2018
နွေရာသီ၏ အပူဒဏ်ကို ခံရင်း ငြိမ်သက်နေခဲ့ရသည့် ကျောင်းများသည် မေလ၏ မိုးရေစက်များနှင့်အတူ လှုပ်ရှားအသက်ဝင်လာပေတော့မည်။ ပြက္ခဒိန်နှစ်တနှစ်၏ မေလသည် ပညာရေးလောကသားတို့၏ ရင်ခုန်စရာလည်းကောင်းသောလ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မေလတွင် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုး အပြောင်းအရွှေ့များ ကြေညာသည့်အတွက် ပညာရေးဝန်ထမ်းများအနေနှင့် ရင်တခုန်ခုန်နှင့် မျှော်ကြရသည်။ ထို့အတူ ကျောင်းအဆင့်တိုး တင်ထားသည့် ကျောင်းများမှာလည်း အဆင့်တိုး အော်ဒါများ ထွက်သည့်အတွက် ပညာရေးလောကတွင် အဆင့်တိုးသည့် ကျောင်းများအတွက် ရယ်ရမောရ ပြောစရာများ ဖြစ်နေသည်။ အကြောင်းနှင့်အကျိုးသည် ဒွန်တွဲနေသည့်အတွက် ရယ်စရာနောက်က ပါလာသည့် မောစရာလေးများလည်း ရှိပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုသည့် အဆင့်တိုး ကျောင်းအရေအတွက်မှာ တနိုင်ငံလုံး အတိုင်းအတာနှင့်ဆိုလျှင် အခြေခံပညာကျောင်းပေါင်း ၆၃၈၆ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပေးခဲ့ပါသည်။ အ.ထ.က (ခွဲ) မှ အ.ထ.က အဖြစ် ၃၁၅ ကျောင်း၊ အ.လ.က မှ အ.ထ.က (ခွဲ) အဖြစ် ၅၈၆ ကျောင်း၊ အ.လ.က (ခွဲ) မှ အ.လ.က အဖြစ် ၂၀၀၉ ကျောင်း၊ မူလွန်မှ အ.လ.က (ခွဲ) အဖြစ် ၁၀၇၆ ကျောင်း၊ အ.မ.က မှ မူလွန်အဖြစ် ၁၀၀၈ ကျောင်း၊ အ.မ.က(ခွဲ) မှ အ.မ.က အဖြစ် ၈၆၄ ကျောင်း၊ ကအက၊ အ.မ.က(ခွဲ) အဖြစ် ၅၂၈ ကျောင်း အသီးသီး အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျောင်းအဆင့်တိုးပါသည့် ကျောင်းများရှိ ကျောင်းအုပ်ကြီးများအနေဖြင့် အချို့က မိမိနေရာတွင် ဆက်နေနိုင်သည့် ဆရာကြီးများရှိသလို အချို့ဆရာကြီးများမှာလည်း ကျောင်းနှင့်အတူ အဆင့်လိုက်မတိုးနိုင်သည့်အတွက် မိမိ၏ လက်ရှိနေရာကို ဖယ်ပေးကြရတော့မည်။ ဥပမာ… အ.လ.က (ခွဲ) ကျောင်းများရှိ မူအုပ်များသည် မိမိကျောင်း အ.လ.က ကျောင်းအဖြစ် အဆင့်တိုးသွားသည့်အတွက် မိမိနေရာတွင် လယ်အုပ်တယောက် ရောက်လာတော့မည်။ ဤသို့သော အခြေအနေတွင် သက်ဆိုင်ရာ မူအုပ်သည် အပြောင်းအရွှေ့ လျှောက်လွှာတင်ပြီး ချက်ချင်းဆိုသလို နေရာဖယ်ပေးဖို့ ပြင်ဆင်ကြရပါသည်။ မိမိလက်ထက်တွင် မိမိကျောင်းကို အဆင့်တိုးအောင် ဆောင်ရွက်ပေးခဲ့နိုင်၍ ဝမ်းသာမိသလို မိမိအနေဖြင့် အခြား မည်သည့်ကျောင်းကို ရောက်မည် မသိသေးသည့်အတွက် ရင်မောကြရသည်။ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ထိုကဲ့သို့ နေရာဖယ်ပေးရသည့် ဝန်ထမ်းကို လည်းကောင်း၊ ပြောင်းရွှေ့လိုသောကျောင်း၌ နေရာရှိ၊ မရှိ စိစစ်၍ ရှိလျှင် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရမြဲ ဖြစ်ပါသည်။ တောင်းဆိုသူဘက်ကလည်း လစ်လပ်နေရာ ရှိ၊ မရှိ စုံစမ်းပြီးမှသာ တောင်းဆိုကြသည်။ အ.လ.က (ခွဲ) အဖြစ်မှ အ.လ.က အဖြစ်သို့ အဆင့်တိုးသွားသည့် ကျောင်းတကျောင်းမှ အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာကြီးတဦးကလည်း နေရာဖယ်ပေးရမှုအပေါ်တွင် ၎င်း၏အမြင်ကို ပြောရာတွင် “ကျောင်းအဆင့်တိုးတဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုအပေါ်မှာ ကျေနပ်မိပါတယ်။ ဒါပေမယ့် နေရာဖယ်ပေးဖို့အတွက် လစ်လပ်နေတဲ့ ကျောင်းနေရာတွေကို ကျနော်တို့အနေနဲ့ တောင်းရာမှာ မြို့နယ်နဲ့ ခရိုင်ရုံးတွေက မျက်နှာလိုက်တာမျိုးတွေ ရှိပါတယ်။ ကျနော်တို့က နေရာတနေရာအတွက် ငွေကြေးနဲ့ လုရမလို ဖြစ်နေတယ်။ ဒါတွေကတော့ တကယ့်ကို မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ကျနော်တို့ လုပ်သက်နဲ့ဖြစ်စေ၊ တန်းစီပြီး မျှမျှတတ ခန့်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့လေ။ အခုတော့ ဘယ်နေရာရောက်မလဲ မပြောတတ်သေးပါဘူး” ဟု ၎င်း၏ အပြောင်းအရွှေ့အတွက် အားမလိုအားမရနှင့် ပြောပါသည်။ ဤနေရာတွင် မြို့နယ်၏ လုပ်ပိုင်ခွင့်ရှိသူများနှင့် အလွန်းသင့်ကြသူများက ပြဿနာ မဟုတ်သော်လည်း ရုံးနှင့် အလွန်းမသင့်ကြသူများအနေဖြင့် မိမိလိုချင်သည့်နေရာ ရရန် အခက်အခဲ ရှိကြသည်။ ပိုင်ရာဆိုင်ရာများ၏ လုပ်ပိုင်ခွင့်သည် နေရာတိုင်းတွင် အရေးပါ အရာရောက်လွန်းခြင်းကြောင့် မဟုတ်မခံ မမှန်မလုပ် သမားများအတွက် နစ်နာရမှုသည် ထင်သာမြင်သာ မရှိလှ။ အောင့်သက်သက်နှင့်ပင် ခံကြရသည့် သဘောပင်။ လူသည် အမှားမကင်းဟု ဆိုသော်လည်း အမှားများနေသည့် နေရာတွင် အမှန်သမားများ နေရာမရ ဖြစ်ရခြင်းသည် စိတ်ပျက်စရာပင်။ အချို့ဒေသများတွင် ကလေးများ ချောင်းကူး မြောင်းကူး ကျောင်းတက်ကြရသည့်အတွက် ကူးတို့လှေနစ်မြုပ်ပြီး အချိန်မတန်ဘဲ ကြွေလွင့်ခဲ့ရသည့် ကလေးများသည် မိမိတို့ဒေသတွင် မူလတန်း/မူလွန်အဆင့်သာရှိပြီး အလယ်တန်း သို့မဟုတ် အထက်တန်းပညာကို ဆက်သင်နိုင်ရန် မိမိတို့နှင့်နီးစပ်ရာ အထက်တန်း၊ အလယ်တန်းကျောင်းများကို သွားရောက် ပညာသင်ယူရသည့်အတွက် မြစ်၊ ချောင်း ပေါများသည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့ ဒေသများတွင် ကူးတို့လှေ နစ်မြုပ်၍ ကလေးများ၏အသက် ဆုံးရှုံးခဲ့ကြရသည်။ ဤအချက်များကို ပညာရေးဝန်ကြီးဌာနမှ ဖြေရှင်းရာတွင် ကျောင်းများ အဆင့်မြှင့်ပေးခြင်းလည်း တခုပါဝင်သည်။ ဤသို့ ဖြေရှင်းပေးမှုတို့သည် ဒေသခံတို့အတွက် ဝမ်းမြောက်စရာပင် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ယခုပညာသင်နှစ်တွင် မူလွန်ကျောင်းမှ အ.လ.က(ခွဲ)အဖြစ်သို့ အဆင့်တိုးလာသည့် (ယခု အ.လ.က(ခွဲ) အောင်မြေကုန်း) ကျောင်း၏ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးဇာနည်မောင်က ကျောင်းအဆင့်တိုးမှုအပေါ် သူ၏အမြင်ကို ယခုလို ပြောပြပါသည်။ “ကျောင်းအဆင့်တိုးတာနဲ့ပတ်သက်လို့ ကျနော် ဝမ်းသာပါတယ်။ ကျနော့် ကျောင်းကနေပြီး ဒီနှစ် ခြောက်တန်းအောင်တဲ့ ကလေးတွေ ချောင်းကူးပြီး တခြားမှာ ကျောင်းသွားတက်စရာ မလိုတော့ဘူး။ ပြီးတော့ အဝေးမှာ ကျောင်းသွားမတက်နိုင်လို့ ၆ တန်းအောင်ပြီး ကျောင်းထွက်ရမယ့် ကလေးတွေလည်း ပညာဆက်သင်နိုင်တော့မယ်။ အဲဒီအချက်တွေကြောင့် ကျနော် ပျော်ပါတယ်။ တဖက်ကလည်း ကျောင်းအဆင့် တိုးလာတဲ့အပေါ်မှာ ကျနော်တို့ကျောင်းရဲ့ စာသင်ခန်း လိုအပ်ချက်တွေ၊ စာရေးခုံ လိုအပ်ချက်တွေနဲ့ သင်ကြားမယ့် ဆရာ၊ ဆရာမ လိုအပ်ချက်တွေအတွက်တော့ ဖိအားတခုလို ခံစားရပါတယ်။ ဌာနက တရားဝင်ခွင့်ပြုပေးမှာက ကြာဦးမှာလေ။ လောလောဆယ် ကျောင်းဖွင့်တာနဲ့ ကျနော်တို့ သင်ကြားရေး လုပ်နိုင်အောင်အတွက် ကျောင်းသားမိဘတွေနဲ့ တိုင်ပင်ပြီး စာသင်ဆောင်နဲ့ စာရေးခုံတွေ ထပ်လုပ်ဖို့ တိုင်ပင်ထားပါတယ်။ ပြီးတော့ အပြောင်းအရွှေ့ အော်ဒါတွေထွက်ရင် ဝန်ထမ်းတွေ ထပ်ကျလာဖို့လည်း ဆုတောင်းပါတယ်။ ဘာလို့လဲဆိုတော့ စာသင်ဆောင် မရှိတာက အဆင်ပြေအောင် တနေရာမှာ သင်လို့ရသေးတယ်လေ။ ဥပမာ ဘုန်းကြီးကျောင်းတို့လို နေရာမျိုးပေါ့။ သင်ကြားမယ့်ဆရာ မရှိတာကျတော့ တော်တော်လေး အခက်ကြုံရပါတယ်။ အပြင်ကသင်နိုင်မယ့် ဆရာ၊ ဆရာမ ငှားဖို့ ဆိုတာကလည်း ငွေကြေးကအစ အခက်အခဲရှိတော့ ကျောင်းသားမိဘတွေအပေါ် ဘူးလေးရာဖရုံဆင့် ဆိုသလို မဖြစ်စေချင်ပါဘူး။ အ.လ.က(ခွဲ) ဖြစ်တာကို ဝမ်းသာပါတယ်။ ဒါပေမယ့် အ.လ.က(ခွဲ) ကျောင်းတကျောင်းရဲ့ အင်္ဂါရပ်နဲ့ ကိုက်ညီအောင် ကျောင်းသားမိဘတွေဘက်က ငွေဆယ်သိန်းလောက် အကုန်အကျခံနိုင်မှ လုပ်လို့ရမယ့် သဘောပါပဲ” ဟု ကျောင်းအဆင့်တိုးခြင်းအပေါ် ၎င်း၏အမြင်ကို ပြောပြပါသည်။ ကိုယ်ထူကိုယ်ထကျောင်းအဖြစ်မှ အ.မ.က(ခွဲ) အဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရအောင် ဆောင်ရွက်ခဲ့သည့် ဆရာတဦးကလည်း မိမိတို့အနေဖြင့် ကိုယ်ထူကိုယ်ထအဖြစ် ဆောင်ရွက်ခဲ့စဉ်ကပင် ယခု အ.မ.က(ခွဲ) ဖြစ်လာသည့်အထိ အခက်အခဲများရှိခဲ့ပြီး ကျောင်းသားအင်အားမှအစ သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်ရာတွင် ကျေးရွာရှိ ကျောင်းသားမိဘများကို သဘောပေါက်အောင် မနည်း စည်းရုံးရကြောင်း ယခုလို ပြောပြပါသည်။ “ကျနော်တို့ရွာမှာက အထက်တန်းကျောင်း ရှိပါတယ်။ အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတဲ့ ရွာတရွာမှာ အထက်တန်းကျောင်းမှာ ကျောင်းသားဦးရေက တထောင်ကျော်ပါတယ်။ အထူးသဖြင့် မူလတန်းအဆင့်မှာ အတန်းတတန်းမှာ ကျောင်းသား ၈၀ ကျော်တယ်။ မူလတန်းအဆင့်အားလုံးဆိုရင် ကျောင်းသား ၄၀၀ ကျော် ၅၀၀ နီးပါးလောက် ဖြစ်တယ်။ စာသင်ခန်းကလည်း အခက်အခဲရှိတော့ ကျနော်တို့ကျေးရွာအနေနဲ့ အ.မ.က ကျောင်းတကျောင်းလောက် ရှိသင့်ပြီပေါ့နော်။ ကျနော့်ဒေသက အခြား အိမ်ခြေ ၅၀၀ ကျော်တဲ့ ရွာတွေမှာက ရွာတိုင်းမှာ အထက်တန်းကျောင်းတကျောင်း၊ မူလတန်းကျောင်းတကျောင်း ရှိကြတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် ကျနော်တို့ အခုလို အ.မ.က(ခွဲ) အဆင့်ရအောင် ကြိုးစားလာတာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ အ.မ.ကကျောင်း ဖြစ်အောင်လည်း ဆက်ကြိုးစားသွားမှာပါ။ ကိုယ်ထူကိုယ်ထကျောင်းအဖြစ် စလုပ်ကတည်းက ကျောင်းသားမိဘတွေကို စည်းရုံးရတာပေါ့။ အ.မ.က(ခွဲ) လျှောက်ခွင့်ရအောင် ကျောင်းသားအင်အား ပြည့်မီဖို့ လိုတယ်လေ။ တချို့မိဘတွေက သဘောပေါက်ကြပေမယ့် တချို့ကျတော့ မနည်းပြောရတယ်။ ကိုယ်ထူကိုယ်ထကျောင်းမှာ ဆရာအင်အားလည်း မပြည့်စုံဘူး၊ ကျောင်းအဆောက်အဦက အစ အခက်အခဲရှိတော့ ကိုယ့်သားသမီးကို ပိုကောင်းမယ့်နေရာ ပိုလိုချင်ကြတာလည်း သဘာဝကျပါတယ်။ ဒါပေမယ့် ကျနောတို့ ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းရင်း ကြိုးစားမှ ဌာနက တရားဝင် ခွင့်ပြုတဲ့ အ.မ.ကကျောင်း ဖြစ်လာမယ် ဆိုတာတွေကို မိဘတွေကို သဘောပေါက်အောင် ရှင်းပြရပါတယ်။ နောက်တခုက ကျောင်းအတွက် လိုအပ်တဲ့ ငွေကြေးအတွက်လည်း ကျနော်တို့ စိုက်ထုတ်သုံးစွဲရတာ များပါတယ်။ ဒီနှစ် အ.မ.က(ခွဲ) ဖြစ်ပြီး နောက်နှစ်ဆိုရင်တော့ အခြေအနေက ကိုယ်ထူကိုယ်ထ ကျောင်းထက်တော့ လုပ်ရကိုင်ရ အဆင်ပြေမှာပါ” လို့ ပြောပါတယ်။ ကျောင်းအဆင့်တိုးရာတွင် ဒေသနှင့် ကျောင်း လိုက်လျောညီထွေဖြစ်မှု မရှိသည့် အချက်များကိုလည်း တွေ့ရသည်။ ဆိုလိုသည်မှာ ဒေသသည် မူလွန်အဆင့်လောက်သာ ဖြစ်သင့်ပြီး အ.လ.က အဆင့် ဖြစ်လာသည့်အခါ အလယ်တန်းကျောင်းတကျောင်း၏ အင်္ဂါရပ်များနှင့်အညီ ပြုလုပ်ပေးခြင်းသည် မရောင်ရာ ဆီလူးပေးသည့် အဖြစ်မျိုး ဖြစ်ပါသည်။ အချို့ကျောင်းများသည် ကျောင်းသားဦးရေအားဖြင့် နည်းလွန်းသော်လည်း မူလွန်၊ အ.လ.က(ခွဲ) ဖြစ်နေသည်များ ရှိပါသည်။ ထို့အတူ ကျောင်းသားအင်အားနှင့် ဒေသ အခြေအနေအရ လိုအပ်မှုရှိသော်လည်း ရှိသင့်သည့် အဆင့်မရှိသည့် ကျောင်းမျိုးလည်း ရှိပေသည်။ ဤအချက်သည် သက်ဆိုင်ရာ မြို့နယ်ရုံး၏ စိစစ်ဆောင်ရွက်မှု အားနည်းချက်ကြောင့် ဖြစ်သည်ဟု ယူဆနိုင်သည်။ ကျောင်းအဆင့်တိုးများကို သက်ဆိုင်ရာ ပညာသင်နှစ်၏ စက်တင်ဘာလလောက်တွင် တင်ကြရပါသည်။ ကျောင်းအဆင့်တိုး တင်ကြရာတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများနှင့် ကျောင်းသားမိဘများ တိုင်ပင်၍ မိမိတို့ ကျောင်းအဆင့်တိုးအောင် ဆောင်ရွက်နိုင်ရန် စုစည်းမှု ယူကြရသည်။ စုစည်းမှုယူသည်ဟု ဆိုရာတွင် လိုအပ်မည့် ငွေရေးကြေးရေးကို ဖြေရှင်းနိုင်ရန် စုဝေးတိုင်ပင်ကြသည့်သဘော ဖြစ်သည်။ မိမိတို့၏ သားသမီးများ၊ တပည့်များ အိုးမကွာ အိမ်မကွာ ပညာဆည်းပူးနိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်မှုတခုပင် ဖြစ်သည်။ ကျောင်းအဆင့်တိုး တင်ရာတွင် ငွေကြေးအားဖြင့် တသိန်းခွဲဝန်းကျင် ကုန်ကျသည်ဟု သိရပါသည်။ လိုအပ်သည့် စာရွက်စာတမ်း အမှုတွဲကို မိတ္တူ ၅ စောင်ဆွဲ၍ အဆင့်ဆင့် ပို့ရသည်။ ဤနေရာတွင် ကျောင်းအဆင့်တိုးအတွက် အမှုတွဲ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သည် များလွန်းပါသည်။ ဌာနဆိုင်ရာ ဆိုသူများထံမှ ထောက်ခံချက် အဆင့်ဆင့် ယူကြရ၍ဟု လိုင်းကိုင်စာရေးများက ပြောလေ့ရှိပါသည်။ ထို့ကြောင့် ကျောင်းအဆင့်များ တိုးမြှင့်ဖွင့်လှစ်နိုင်ခြင်းကြောင့် အမှုတွဲ လုပ်စားများလည်း အလုပ်ဖြစ်ကြလိမ့်မည်ဟု ယူဆရသည်။ ပန်းသီကြိုး(ရသေ့တောင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024