ဗီလိန်ဇာတ်ကောင်ကို ကြိုက်တယ် - အဆိုတော်ရွှေထူး
DVB
·
June 3, 2018
လူငယ်အမျိုးသမီးပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ရွှေထူးရဲ့ ဒုတိယရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်” ဇာတ်ကားကိုမကြာခင်မှာ 7 SENSE Film Production ကနေ ရိုက်ကူးသွားတော့မှာဖြစ်ပါတယ်။
အဆိုတော်ရွှေထူးအနေနဲ့ 7 SENSE Film Production နဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး၊ မိုးစက်ဝိုင်တို့နဲ့အတူ ရိုက်ကူးထားပြီး ပရိသတ်တွေလည်း ရွှေထူးရဲ့ သရုပ်ဆောင်မှုတွေကို လက်ခံအားပေးခဲ့ကြပါတယ်။
တချို့ပရိသတ်တွေကတော့ သရုပ်ဆောင်မင်းသားတစ်ယောက်ရဲ့ ရုပ်ရည်မျိုးမရှိဘူးလို့ ဝေဖန်နေကြတဲ့အပေါ်ကို ရွှေထူးက “လူတယောက်နဲ့တယောက်မတူဘူး၊ သူ့ဆန်း၊ သူ့ကံနဲ့လာတာ။ အဲဒါကြောင့် သူ့ကံလေးနဲ့ သူဆန်းနဲ့ဖြစ်လာတယ်လို့ ဖြည့်တွေးပေးစေချင်ပါတယ်။ မင်းသားရုပ်ရည်မျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်လုပ်ရမယ့်အပိုင်းကို သေချာကြိုးစားပြီး အကောင်းဆုံးလုပ်ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။
အဆိုတော်ဘက်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလုပ်ရတဲ့အချိန်မှာ ဘယ်လိုဇာတ်ကောင်မျိုးကို သရုပ်ဆောင်ချင်လဲလို့ မေးကြည့်ရာ “ကျနော်က ဗန့်ဖြစ်တဲ့ ဇာတ်ကောင်တွေကို ပိုသဘောကျတယ်။ လူအမြင်ကတ်တဲ့ပုံစံမျိုး၊ သိပ်အချိုးမပြေတဲ့ပုံစံမျိုးပေါ့။ အဲဒီလိုဇာတ်ကောင်မျိုးကို ပိုရိုက်ကူးချင်တယ်။ ကျနော် အရင်သရုပ်မဆောင်ခင်ကတည်းကကို အဲဒီလိုဇာတ်ကောင်တွေကို သဘောကျတယ်။ သရုပ်ဆောင်တစ်ယောက် အရမ်းချောနေ၊ ပြည့်စုံနေတာထက် အချိုးမပြေတဲ့ပုံကို ကြိုက်တာပေါ့။ ဗီလိန်ဇာတ်ကောင်ကြောင့် ဇာတ်ကားတစ်ကား ပိုအသက်ဝင်တဲ့ပုံစံမျိုးပေါ့။ ဗီလိန်တွေရဲ့ ဇာတ်ဝင်ခန်းက နည်းတယ်။ ဒါပေမယ့် ဇာတ်ကားတစ်ကားမှာ ဗီလိန်တစ်ယောက်ကတော့ပါရမယ်ပေါ့။ အဲဒါမှလည်း ဇာတ်လမ်းက ပိုကြွမယ်ထင်တယ်။ အဲဒါကြောင့် ဗီလိန်ဇာတ်ကောင်ကိုကြိုက်တယ်” လို့ ရွှေထူးက ဆက်လက်ပြောပြပါတယ်။
“နှလုံးသားတံခါးကိုဝင်ချည်ထွက်ချည်လုပ်တဲ့ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းမိုးနီလွင်က ရေးသားထားကာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး၊ သရုပ်ဆောင်တွေအနေနဲ့ ရွှေထူးအပါအဝင်၊ ရွှေမှုန်ရတီ၊ နေခြည်ဦးနဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် ဖြိုးငွေစိုးက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အဆိုတော်ရွှေထူးအနေနဲ့ “စိတ်ကူးယဉ်စာအုပ်”၊ “I” အစရှိတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်တွေကို ထွက်ရှိထားတာဖြစ်ပြီး၊ မကြာသေးခင်မှ “ခလုတ်” အမည်ရှိတဲ့ အမ်တီဗွီကိုလည်း အွန်လိုင်းကနေ သူရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးထားပါသေးတယ်။
ကြယ်စု