စစ်ကိုင်းတိုင်းတွင် လယ်ယာ၊ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး တဦးချင်းဝင်ငွေတိုးလာ
Aung Ko Latt
·
May 28, 2018
စစ်ကိုင်းတိုင်းဒေသကြီးမှာ လယ်ယာ၊ သားငါးကဏ္ဍတွေ ဖွံ့ဖြိုး တိုးတက်လာပြီး လူတစ်ဦးချင်းဝင်ငွေဟာလည်း မနှစ်ကထက် ကျပ် ၂၀၀၀၀၀ ကျော်တိုး လာတယ်လို့ တိုင်း အစိုးရရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို မေလ ၂၈ ရက် တိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီးက တင်သွင်းခဲ့ပါတယ်။
ဒီအစီရင်ခံစာအရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေ ၁၇၂၈၆၅၂ ကျပ်ရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ ၁၉၃၂၉၁၃ ကျပ်ရှိခဲ့ တာကြောင့် လူတစ်ယောက်ကို ပျမ်းမျှဝင်ငွေ ၂၀၄၂၆၁ ကျပ် တိုးတက်ခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ စီမံကိန်းရည်မှန်ချက်တန်ဖိုး ကျပ်သန်း ၇၈၈၉.၉ အနက် ၇၈၀၃.၉ ကျပ်သန်းရရှိခဲ့တာကြောင့် စီမံကိန်းရည်မှန်းချက်အပေါ် ၉၈.၉ ရာခိုင်နှုန်း အကောင်အထည်ဖော် နိုင်ခဲ့သလို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၇၃၅၈.၃ ကျပ်သန်းသာ အကောင်အထည်ဖော်နိုင်ခဲ့လို့ အရင်နှစ်ထက် စီးပွားရေးတိုးတက်မှုရာခိုင်နှုန်း ၆.၁ ရာခိုင်နှုန်း တိုးတက်အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ အသားတင်စိုက်ပျိုးမြေ ၄၆.၁၁ ဧကသိန်းရှိပြီး အဲဒီထဲက မိုးသီးနှံနဲ့ ဆောင်းသီးနှံဧက ၉၃.၈၇၄ သိန်းစိုက်ပျိုးနိုင်ခဲ့လို့ ဆန်ဖူလုံမှု အနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မိုးစပါး၊ နွေစပါးအထွက်တင်းပေါင်း ၁၉၅၅.၇ သိန်းထွက်ရှိခဲ့ပြီး တင်းပေါင်း ၁၀၈၉.၇ သိန်းပိုလျှံခဲ့တဲ့အတွက် ၂၂၆ ရာခိုင်နှုန်း ဝမ်းစာဖူလုံခဲ့တယ်လို့ဆိုပါတယ်။
ဆီထွက်သီးနှံမှာလည်း တိုးတက်ခဲ့တဲ့အတွက် ဆီဖူလုံမှုမှာလည်း ၅၄၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့သိရပါတယ်။
တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်း ၇၆၀ ကျော်နဲ့ စနစ်တကျလယ်ယာမြေ ဧက ၅၀၀နဲ့ လယ်မဲ့ယာမဲ့မြေဧက ၇၁၄ ဧကတို့ကို ဖော်ထုတ်ပေးခဲ့သလို သားငါးကဏ္ဍမှာလည်း တိုးတက်မှုတွေရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
လယ်ယာ၊ သားငါးကဏ္ဍတွေ ဖွံ့ဖြိုး တိုးတက်လာပြီး လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေ တိုးတက်လာတယ်ဆိုပေမယ့် အခွန်အရပ်ရပ်ကောက်ခံရရှိမှုကဏ္ဍမှာတော့ ကျပ် ၄၂၈၉၇.၂၈၈ သန်းလျာထားခဲ့ရာမှာ ကျပ် ၃၄၅၉၈.၂၇၄ သန်း သာရရှိခဲ့လို့ အခွန်ရရှိမှုမှာတော့ သိသိ သာသာလျော့နည်းခဲ့တာကို တွေ့ရပါတယ်။
ဒီအစီရင်ခံစာမှာ တိုင်းအစိုးရလက်အောက်ရှိ ဌာန ၂၀ ကျော်ရဲ့ တနှစ်တာ လုပ်ဆောင်ချက်တွေကို ဖော်ပြထားပြီး လွှတ်တော်မှာ တင်သွင်းဖတ်ကြားခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအစိုးရကတင်သွင်းတဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနဲ့ပတ်သက်လို့ ဆွေးနွေးကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အမည်စာရင်းတင်းသွင်းကြဖို့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး မေလ ၃၀ ရက်မှာ ပြန်လည်ဆွေးနွေးမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု၊ ခရိုင် ၁၀ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်၊ မြို့ ၁၁ မြို့နှင့် ရပ်ကွက် ၂၅၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၇၅၅ အုပ်စုရှိကာ ကျေးရွာပေါင်း ၆၀၀၁ ရွာရှိပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာပေါင်း ၆၀၀၁ ရွာမှာ အိမ်ခြေ ၁၀၀၁၇၇၇ အိမ်ရှိပြီး အိမ်ထောင်စု ၁၀၄၃၄၈၂ စုရှိကာ လူဦးရေ ၅၄၁၄၉၁၈ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။