Homeမြန်မာသတင်း
တပ်မတော်အရာရှိ နေအိမ်တွင် အလုပ်လုပ်သည့် အိမ်ဖော် ၁ ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံး
တပ်မတော်အရာရှိ နေအိမ်တွင် အလုပ်လုပ်သည့် အိမ်ဖော် ၁ ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံး
နော်နိုရင်း
·
May 23, 2018
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ အမှတ် ၁၀၇၄ သံချပ်ကာတပ် အရာရှိရိပ်သာမှာ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေသူတဲ့ အမျိုးသမီး တဦး နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့မှုနဲ့ အိမ်ရှင်အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနေ မခင်စန္ဒာနန်းဦး (ခ)မကရင်မ (၃၈-နှစ်)ဟာ လွန်ခဲ့တဲ့ ၆ လခန့်လောက်က လှည်းကူးမြို့နယ်ရှိ အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေ တပ်မတော် အရာရှိတဦးရဲ့နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့တာပါ။
မေလ ၁၉ ရက်မှာတော့ အဆိုပါ တပ်မတော်အရာရှိရဲ့ ဇနီး ဥပဒေအရာရှိဖြစ်သူ ဒေါ်သိင်္ဂီစုက မကရင်မကို နေအိမ်ကို ပြန်ပို့ပေးခဲ့ရာမှာ အိမ်ရောက်ပြီး နှစ်နာရီအတွင်းမှာပဲ မကရင်မ သေဆုံးသွားခဲ့ပါတယ်။
မကရင်မရဲ့ ခေါင်း၊ ရင်ဘတ်နဲ့ ကျောဘက်မှာ ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေ တွေ့ရပြီး သူ မသေဆုံးခင် လက်ညှိုးထိုးကာ “အဲ့ကောင်မ ငါ့ကိုလုပ်တာ”လို့ ပြောခဲ့တဲ့အတွက် တရားလို ရာအိမ်မှူး ဦးအေးသောင်းက လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ခဲ့လို့ အိမ်ရှင် ဒေါ်သိင်္ဂီစုကို တွံတေးရဲစခန်းကဖမ်းဆီးစစ်ဆေးနေတယ်လို့ ခတ္တိယ ရဲစခန်းမှူး ရဲအုပ်မြင့်ဇော်က ပြောပါတယ်။
“လောလောဆယ် သံသယရှိတဲ့သူတယောက်ကိုတော့ ဖမ်းထားပါတယ်။ ကျနော့် အပိုင်ရွာမှာ အမျိုးသမီးတယောက် ၁၉ ရက်နေ့က ရုတ်တရက် သေသွားတယ်။ ကျနော်တို့ကတော့ ဘာကြောင့် သေလဲဆိုတာကို သိရဖို့ ဆေးရုံကို ရင်ခွဲစစ်ဆေးပြီးတော့ ပို့တယ်ပေါ့နော်။ တရားလို ဦးအေးသောင်းက ဒီအမျိုးသမီး မသေခင် ပြောသွားပါတယ်။ ပြီးမှ အိမ်ရှင်အမျိုးသမီးရဲ့နာမည်ပြောတော့ အမှုဖွင့်ထားတာပေါ့နော်။ အဲဒီအမျိုးသမီးကို လက်ရှိ ဖမ်းထားပြီး ရမန်ယူထားပါတယ်။”
ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးဟာ တပ်မတော်အရာရှိတဦးရဲ့ဇနီးဖြစ်သလို ပဲခူးမှာ တာဝန်ကျနေတဲ့ ဥပဒေအရာရှိတဦး ဖြစ်တယ်လို့ သိရကြောင်း တွံတေး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောပါတယ်။
မကရင်မ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုယ်တိုင် သွားရောက်မေးမြန်းကူညီခဲ့တာဖြစ်ပြီး ဆရာဝန်ရဲ့စစ်ချက်အရ အူပေါက်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ဆရာဝန်က ဒါ အူပေါက်သွားတယ်ပေါ့နော်။ သူ့ဒဏ်ရာတွေကြောင့် အူပေါက်တယ်။ အမှန်မှာတော့ အူပေါက်တာ ဖြစ်ဖြစ်ချင်း ဆေးရုံတွေ ဘာတွေ တင်တယ်ဆိုရင်တော့ အဆင်ပြေတယ်။ အခုဟာ သူက အူပေါက်တာက ကြာတဲ့ပုံစံမှာ ရှိတယ်။ ရှိတော့ အဲဒီအူတွေက ပိုးပြန့်သွားပြီးတော့ သေတဲ့ပုံစံမျိုးပေါ့။ သူ့ဆီမှာက ဒဏ်ရာတွေက အများကြီးပဲ။ ခေါင်းတွေ၊ မေးစေ့ရော၊ ရင်ဘတ်တွေရော၊ ကျောကုန်းတွေရော၊ ကျောကုန်းနဲ့ ရင်ဘတ်တွေဆိုရင် အညိုအမည်းစွဲတဲ့ ဒဏ်ရာတွေ ထုရိုက်ထားတဲ့ ပုံစံမျိုးပေါ့နော်။ ခေါင်းမှာဆိုရင်လည်း ရိုက်ထား ပြုထားတဲ့ ပုံစံမျိုးတွေ။ မေးစေ့မှာဆိုရင်လည်း ဒဏ်ရာကြီးတွေနဲ့ နောက် အမျိုးသမီးကလည်း ပိန်လီနေတယ်ဗျာ။ သူ သွားတဲ့ရုပ်နဲ့ ပြန်လာတဲ့ရုပ်နဲ့ လုံးဝ တခြားစီပဲ။ ”
သေဆုံးသူ မကရင်မဟာ အသက် ၁၅ နှစ်၊ ၁၄ နှစ်၊ ၁၂ နှစ် နဲ့ ၁၀ နှစ်အရွယ် သားသမီး လေးဦးရှိပြီး ခင်ပွန်းဖြစ်သူကတော့ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက သေဆုံးသွားခဲ့တာပါ။
အဲဒီမှာ သွားရောက်အလုပ်မလုပ်ခင် ကလေး နှစ်ဦးကို သူ့ရဲ့အမေဆီမှာ အပ်ထားခဲ့ပြီး နောက်နှစ်ဦးကိုတော့ သူ့အစ်မဆီမှ အပ်ထားခဲ့တာပါ။ အလုပ်သွားလုပ်ပြီး နှစ်လ တခါ အိမ်အတွက် စရိတ်တွေပို့ပေးခဲ့တယ်လို့ အဲဒီမျိုးသမီးကို သွားကူညီပေးခဲ့တဲ့ ကိုပီတာဖြိုးက ပြောပါတယ်။
“ပွဲစားကနေတဆင့် အဲဒီမှာ အိမ်ဖော်သွားလုပ်တာပေါ့။ သူက နှစ်လ တခါလောက်ကိုတော့ စရိတ်ပို့ပေးတယ်လို့ ပြောတယ်။ ကလေးနှစ်ယောက်ကိုတော့ သူ့အစ်မက စောင့်ရှောက်ပေးတယ်။ နောက် နှစ်ယောက်ကိုတော့ သူ့အမေက စောင့်ရှောက်ပေးတာ။ ဖြစ်တဲ့နေ့ မေလ ၁၉ ရက်နေ့က အိမ်ရှင်အမျိုးသမီးက ရွာကို ပြန်ပို့ပေးတယ်။ ကရင်မ ရေဖျဉ်းစွဲနေတယ်။ နေမကောင်းဘူး။ လာပြန်ပို့တယ်ဆိုပြီးတော့ ပို့ပေးတယ်။ သူတို့ ပြန်ထွက်သွားတဲ့အချိန်မှာ မကရင်မက အဲကောင်မက နှိပ်စက်တယ်ဆိုပြီး ပြောတယ်။ သူ့ကို ရိုက်လည်း ရိုက်တယ်။ ကန်လည်း ကန်တယ်။ နောက် ကျောက်ပျဉ်နဲ့လည်း ထုတယ်ပေါ့။ ထမင်းလည်း မကျွေးဘူးပေါ့။ အဲဒီလို ပြောတယ်။ လာပို့တာ နှစ်ယောက် အမျိုးသမီးရဲ့ အမေလား မသိဘူး။ အဲဒါ နင့်ကို နှိပ်စက်တာ ဘယ်သူလဲလို့မေးတော့ အသေးမလို့ ပြောတယ်။ အကြီးမက သဘောကောင်းတယ်လို့ ပြောတယ်။ ပြောပြီးတော့ သူ အိမ်သာ အရမ်းတက်ချင်တယ်ပေါ့။ ဖင်ကို တရွတ်ဆွဲပြီးတော့ အိမ်သာတက်မယ် ဆိုပြီးတော့ သွားတာ။ နောက်ဖေးနားမှာ အစိမ်းတွေ အန်တယ်ပေါ့။ အန်ပြီး တအောင့်လောက် နေတော့ အသက်ပါ ပါသွားတယ်ပေါ့။”
သူ သေဆုံးသွားပြီနောက် ကျေးရွာလူကြီးတွေ သိရှိပြီ။ ခတ္ထိယရဲစခန်းကို အကြောင်းကြားရာ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးပြီး တွံတေးဆေးရုံကို ဆေးစစ်ချက်ယူဖို့ ပို့ဆောင်ခဲ့ပါတယ်။
ဒီနောက် ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး အိမ်ရှင်အမျိုးသမီး ဒေါ်သိင်္ဂီစုကို ထန်းတပင် တိုးဂိတ်မှာ တားဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Kyaw Zin Oo