Home
မြန်မာသတင်း
သာစည်မြို့ ရပ်ကွက်အတွင်း ဖြတ်ဆွဲမည့် လျှပ်စစ်မီးလိုင်းကြိုးအား ပြည်သူများ ကန့်ကွက်
DVB
·
May 12, 2018
သာစည်မြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီလျှပ်စစ်ကြိုးအား အမှတ်၎ ရပ်ကွက်အား ‎ဖြတ်ပြီး ညောင်ရမ်းဓာတ်အားခွဲရုံကို ဆက်သွယ်ဖို့ သွယ်တန်းလာခြင်းကို အမှတ် ၄ ရပ်ကွက်နေ ပြည်သူတွေက ကန့်ကွက်တိုင်ကြားပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက "လျှပ်စစ်လိုင်းဆွဲမယ်၊ ဘယ်နေရာဖြတ်မယ် ဆိုတာ လျှပ်စစ်အနေနဲ့ ပြည်သူကို ချပြသင့်တယ်၊ သဘောတူရဲ့လား မေးသင့်တယ်၊ ပွင့်လင်းမြင်သာရှိရမယ်ပေါ့။ အခုတော့ ရေမြောင်းတွေထဲလည်း ဓာတ်တိုင်တွေ စိုက်တယ်၊ အဲဒါအန္တရာယ်ပဲ။ ၃၃ ကေဗွီလိုင်းက ပြည်ထောင်စုအဆင့်လုပ်ပိုင်ခွင့်ပါ ၁၁ ကေဗွီလျှပ်စစ်လိုင်းအနေနဲ့ ၈ မိုင်ထက်ပို မကောင်းတာကြောင့် လျှပ်စစ်ဓာတ်အား ပြုန်းတီးမှုမရှိအောင် လွှတ်တော်ကို တင်ပြပြီး ညောင်ရမ်းရွာခွဲရုံတရုံ လုပ်ပေးဖို့ ကျနော်ပဲ တောင်းပေးခဲ့တာပါ။ ဟံဇားရယ် လှိုင်းတက်ရယ် ခွဲရုံတွေဖြစ်ဖို့ တင်ပြခဲ့တယ်။ JICA ချေးငွေနဲ့ လုပ်တာပါ။ ၁၀ မိုင်အတွက် သိန်း ၃၅၀၀ ကျထားပါတယ်။ တင်ဒါဘယ်လောက်နဲ့ အောင်တယ်တော့ မသိဘူး၊ အားလုံးသဘောတူမှ ကောင်းပါတယ်။ ငွေသက်သာအောင် လိုင်းကြိုးတိုအောင် ချုံ့လုပ်တော့ ပြဿနာတက်တာပေါ့" လို့ ပြောပါတယ်။ သာစည်မြို့နေ ဦးအုန်းရွှေက "ညောင်ရမ်းရွာ ၃၃ ကေဗွီလိုင်း ရစေချင်ပါတယ်။ ရပ်ကွက်နေပြည်သူတွေလည်း အန္တရာယ်ကင်းအောင်လုပ်ပါ။ အခုဟာက ၁၁ ကေဗွီလိုင်းနဲ့ ၃၃ ကေဗွီလိုင်း ၂ ထပ်ကြီး ဖြစ်နေတယ်။ အဲဒီလျှပ်စစ်လိုင်း ဖြတ်မယ့်နေရာတွေမှာ ကျောင်းသား ၄၀၀၀ လောက်ရှိတဲ့ အမှတ် ၁ အထက်တန်းကျောင်းရှိတယ်၊ မူကြိုရှိတယ်၊ ဓာတ်ဆီဆိုင်ရှိတယ်၊ ဒါတွေအန္တရာယ်ဖြစ်လာနိင်တယ်။ အဲဒါကြောင့် ကန့်ကွက်နေရတာပါ။ မလုပ်ပါနဲ့ ကန့်ကွက်ပါတယ်ဆိုလည်း ဆက်လုပ်နေတယ်။ တိုင်းဝန်ကြီးက ခွင့်ပြုထားတာ ဆိုတဲ့စကားပဲ ပြန်ပြောကြတယ်။ ပြည်သူအစိုးရဆီ ပြည်သူဆန္ဒတင်ပြ ပြောပြတာပါ"လို့ ပြောပါတယ်။ အမှတ်၎ ‎ရပ်ကွက်နေ ဦးစိုးနိုင်က "‎လက်ရှိ ၁၁ ကေဗွီလိုင်းဆွဲထားတဲ့ ဓာတ်တိုက်တွေ မကောင်းတော့လို့ ဌာနဆိုင်ရာကို သွားပြောတယ်။ ဟိုဘက်ပုတ်ထုတ် ဒီဘက်ပုတ်ထုတ်နဲ့ ပြန်လာရတယ်။ အဲဒီလို ဖြစ်နေတာကို ထပ်ပြီး ၃၃ ကေဗွီဆွဲမယ်ဆိုတော့ အန္တရာယ်ရှိလို့ ကန့်ကွက်နေတာပါ။ ၂၀၁၅ ကတည်းက ဒီလုပ်ငန်းက ကျထားတာလို့ ပြောတယ်။ အဲဒီအချိန်ကနေ အခုထိ တခါမှ ‎ရပ်ကွက်လူထုကို မရှင်းပြခဲ့ဘူး။ ပြည်သူဆန္ဒကို အလေးမထားခဲ့ပါဘူး" လို့ ပြောပါတယ်။ ‎ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးကျော်မိုးကို ‎ဖုန်းဆက်မေးမြန်းရာမှာ "ကျနော်က အုပ်ချုပ်ရေးအပိုင်းပဲသိပါတယ်၊ လျှပ်စစ်လိုင်းဆွဲတာ အင်ဂျင်နီယာအပိုင်းပါ။ သူ့ကိုမေးပါ" လို့ ပြောပါတယ်။ အင်ဂျင်နီယာကတော့ ‎ဖုန်းမကိုင်ခဲ့ပါဘူး။ ‎ သာစည်မြို့အမှတ် ၄ ရပ်ကွက် ၃၃ ကေဗွီလျှပ်စစ်မီးလိုင်းဆွဲမယ့်အပိုင်းမှာ ‎အိမ်ခြေ ၇၀၀ လောက်ရှိပြီး လူဦးရေ ၃၄၀၀ ကျော်နေထိုင်ပါတယ်။ လျှပ်စစ်မီးလိုင်းကို လွတ်ကင်းရာမှ ဆွဲဖို့ ဌာနအဆင့်ဆင်ကို ဧပြီလက တကြိမ်နဲ့ အခုမေလမှာ တကြိမ် တင်ပြတိုင်ကြားထားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024