Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
May 10, 2018
    ဒီတပတ်ရဲ့ DVB Movie Crazy အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ပထမဦးဆုံး မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ အမေရိကန် အမျိုးသမီး ဇာတ်ကောင်တွေချည်း ပါဝင်တဲ့ Ocean’s 8 ဆိုတဲ့ ဇာတ်ကားပါ။ Warner Bros ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဒီကားကိုတော့ ဒါရိုက်တာ Gary Ross က သူကိုယ်တိုင် ဇာတ်လမ်းဖန်တီးပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ထူးခြားတာက Ocean’s 8 ဆိုတဲ့အတိုင်း ဒီကားထဲမှာ နာမည်ကြီး ဟောလိဝုဒ် မင်းသမီး ၈ ယောက်က ဦးဆောင်ပါဝင်ပြီး သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ထောင်ကထွက်လာတဲ့ Debbie Ocean အဖြစ် ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီးကြီးတဦးဖြစ်တဲ့ Sandra Bullock က သရုပ်ဆောင်ထားပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်လည်ဆွဲကို ရယူဖို့ အမျိုးသမီးတွေချည်း ပါဝင်တဲ့ Team ဖွဲ့ပြီး ဓားပြတိုက်ယူဖို့ ကြိုးစားတဲ့ ဇာတ်ကားပါ။ တခြားသရုပ်ဆောင် မင်းသမီးတွေအနေနဲ့ Cate Blanchett, Anne Hathaway, Sarah Paulson နဲ့ အဆိုတော် မင်းသမီး Rihanna ကပါ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ Dialog တွေ၊ Language တွေနဲ့ မူးယစ်ဆေးဝါးအသုံးပြုတဲ့ ပြကွက်တွေလိုမျိုး ကန့်သတ်ထားတဲ့ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုမှုနဲ့မှ ကြည့်ရှုသင့်တယ်ဆိုတဲ့ PG-13 အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၇၀ အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသပေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယတကားကတော့ ထူးခြားတဲ့ မြန်မာရုပ်ရှင်ကားတကားပါ။ ‘ဥပါဒါန်’လို့ အမည်ရပါတယ်။ ဒီကားဟာ မောင်အောင်(ရူပဗေဒ) ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ဗန်းကြီးက ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ဖြစ်ပြီး အကြောင်းကြောင်းတွေကြောင့် ထွက်ရှိဖို့ အချိန် ၁၀ နှစ်ကျော်လောက် ကြာခဲ့ပြီးမှ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သာသနာကို မြတ်နိုး တန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာသာ သာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမချောလေး တယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကို စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေကတော့ ခင်ဇာခြည်ကျော်၊ မေသဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်ပြောပြချင်တဲ့ ဇာတ်ကားတကား ရှိပါတယ်။ ဒီကားကတော့ လာမယ့် မေလ ၁၃ ရက်နေ့ အမေများနေ့ မတိုင်ခင်မှာ ရုံတင်ပြသွားမယ်လို့ ကြော်ငြာထားတဲ့ ကားတကားပါ။ Breaking In လို့ အမည်ရပြီး ရင်သွေးတွေအတွက် အန္တရာယ်ကျရောက်လာချိန်မှာ အကာအကွယ်ပေး စောင့်ရှောက်ကာ တိုက်ခိုက်သွားမယ့် မိခင်တယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရဲရင့်မှုကို ရှုစားကြရမှာပါ။ ဒီကားကို သြစတေးလျ ရုပ်ရှင်ဒါရိုက်တာ James McTeigue က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ကလေး ၂ ယောက်ရဲ့ မိခင် Single Mother - Shaun Russell အဖြစ် အမေရိကန် သရုပ်ဆောင်မင်းသမီး Gabrielle Union က ဦးဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီး Malibu က အိမ်ကို အမွေဆက်ခံဖို့ ကလေး ၂ ဦးနဲ့ ရောက်လာခဲ့ချိန်မှာ ထင်မှတ်မထားတဲ့ အဖြစ်တွေနဲ့ ကြုံရပါတော့တယ်။ ရာဇဝတ်ပြစ်မှု ကျူးလွန်ထားသူတွေက ကလေး ၂ ယောက်ကို ဓားစာခံလုပ်ပြီး ဖခင် ချန်ထားခဲ့တဲ့ အမွေတွေကို ရယူဖို့ ကြိုးစားချိန်မှာ သူက ဘယ်လို ကာကွယ်မလဲ။ တိုက်ခိုက်နိုင်မလား။ သူ့ရဲ့ရင်သွေးတွေကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာက စိတ်ဝင်စားစရာ ပါပဲ။ ဒီကားရဲ့ ကြာမြင့်ချိန်ကတော့ ၈၈ မိနစ်ပဲ ရှိပေမယ့် ဘာတွေများ ဆက်ဖြစ်လာလိမ့်မလဲ ဆိုတာကို တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် Suspence, Thriller Movie အမျိုးအစား ဖြစ်ပါတယ်။ သွေးထွက်သံယိုပြကွက်တွေ၊ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ မြင်ကွင်းတွေ၊ လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းတွေ ပါဝင်နေတဲ့အတွက် ဒီကားကိုလည်း အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူမပါဘဲ ကြည့်ရှုဖို့မသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါ တယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြော်ငြာထားပါတယ်။ နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ ကားကတော့ ‘ဝုန်းပစ်လိုက်မယ်’လို့ အမည်ပေးထားတဲ့ မြန်မာကားတကား ဖြစ်ပါတယ်။ ဒီကားကိုတော့ လပ်ကီးဆဲဗန်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ ခင်စောမျိုးက နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင် မင်းသားတွေကတော့ ကျော်ရဲအောင်၊ ကျော်ကျော်ဗို၊ မိုးအောင်ရင်နဲ့ ရဲလေးတို့ ဖြစ်ကြပြီး မင်းသမီးတွေကတော့ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်နဲ့ ဘေဘီမောင်တို့က အတူပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ယောက္ခမအိမ်တက် ချွေးမတွေအကြောင်း ဟာသနှော ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားတကား ရှိပါတယ်။ ဒီကားရဲ့ နာမည်ကြားလိုက်ရုံနဲ့ ပရိသတ်တွေက စိတ်ဝင်စားကြမှာပါ။ Robin Hood(2018) လို့ အမည်ရပါတယ်။ ဒီကားကတော့ အထူးပြောစရာလိုမယ် မထင်ပါဘူး။ နာမည်ကြီး ဒဏ္ဍာရီသူရဲကောင်း Robin Hood ဝတ္ထုကို အခြေပြုပြီး ရိုက်ထားတာပါပဲ။ စွန့်စားမှုအသားပေး Action-Adventure ရုပ်ရှင်ကားဖြစ်တဲ့ ဒီကားကိုတော့ ဒါရိုက်တာ Otto Bathurst က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Robin Hood အဖြစ် Kingsman ရုပ်ရှင်နဲ့ လူသိများတဲ့ သရုပ်ဆောင်မင်းသား Taron Egerton က ဦးဆောင်ပါဝင်ထားပါတယ်။ Robin Hood ရဲ့ အကောင်းဆုံးသူငယ်ချင်း Little John နေရာမှာတော့ အမေရိကန် မင်းသား Jamie Foxx က သရုပ်ဆောင်ထားပြီး အိုင်းရစ်ခ်ျမင်းသမီး Eve Hewson ကလည်း အတူပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို အက်ရှင်ပြကွက်တွေ ပါဝင်နေတာမို့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူ မပါဝင်ဘဲ မကြည့်သင့်တဲ့ ရုပ်ရှင်ကား PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြော်ငြာထားပါတယ်။ DVB Movie Crazy အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇ နာရီ ၃၀ မိနစ်မှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်နဲ့ တနင်္ဂနွေနေ့မနက် ၉ နာရီ ၁၅ မိနစ်တို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မူဗီခရေဇီတွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေတဆင့်လည်း စောင့်မျှော် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024