Home
မြန်မာသတင်း
သိမ်ဖြူလမ်းစာအုပ်တန်းကို ဆက်ဖွင့်ခွင့်မပြု
ပိုင်စိုး
·
May 7, 2018
  ရန်ကုန်မြို့၊ သိမ်ဖြူလမ်းမှာ ဖွင့်ထားတဲ့ စာအုပ်လမ်းကို ဆက်ဖွင့်ခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းအစိုးရက အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း အတွင်းရေးမှူးက ဦးသိန်းစိုးက ပြောပါတယ်။ “နှုတ်နဲ့ပဲ တိုင်းအစိုးရရုံးအဖွဲ့က ပြောလာတာ။ မနှစ်က ဧပြီလကုန်မှာ စာအုပ်တန်း ပိတ်တယ်။ ဒီနှစ်တော့ မိုးတွင်းမှာလည်း ဆက်ရောင်းဖို့ ပြန်ကြားရေးဝန်ကြီးကို တင်ပြတော့ သဘောတူတယ်။ ဒါပေမယ့် တိုင်းအစိုးရနဲ့ စည်ပင်က ခွင့်ပြုဖို့တော့ လိုတာပေါ့။ အခုက ဖွင့်ခွင့် မပြုတော့ဘူးလို့ဘဲ ပြောတာ။ ဘာကြောင့်မှန်း မသိဘူး။ ဒါကြောင့် တရားဝင် စာတောင်းထား တယ်။” ရန်ကုန်စာအုပ်လမ်းကို သိမ်ဖြူလမ်းပေါ်က ဝန်ကြီးများရုံးဟောင်းရှေ့နဲ့ ဗဟိုပုံနှိပ်စက်ရုံ ရှေ့၊ အနော်ရထာလမ်းမပေါ်တွေမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း ဖွင့်နေတာပါ။ ဦးသိန်းစိုးက “ဝန်ကြီးများ ရုံးရှေ့မှာ ဖွင့်တာကြောင့်လား၊ ဘာကြောင့်လား မသိရသေးဘူး။ ဒီဘက်(ဗဟိုပုံနှိပ်စက်ရုံရှေ့)ကတော့ ပြန်ကြားရေးဝန်ကြီးက ပေးတယ်။ ဟိုဘက်ကတော့ အရိပ်အာဝါသလည်း ကောင်းတယ်။ ပလက်ဖောင်းလည်း ပိုကျယ်တော့ ဆိုင်တွေက အဲဘက်မှာပဲ ဖွင့်ကြတာများတယ်။ ဘာကြောင့် ပိတ်ခိုင်းတယ်ဆိုတာ သိရမှ ဆက်လုပ်လို့ရမယ်” လို့ ပြောပါတယ်။ သိမ်းဖြူစာအုပ်တန်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဧပြီလမှာ ယာယီရပ်နားခဲ့ပါတယ်။ ပြီးတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ ပြန်ဖွင့်ခဲ့တာပါ။ ပြန်ဖွင့်ပြီးနောက်ပိုင်း ဆိုင်တွေ နည်းသွားပေမယ့် ဆက်ဖွင့်မယ့် ဆိုင် ၅၀ လောက်ရှိနေပြီး အများစုက စာအုပ်ဟောင်းဆိုင်တွေ ဖြစ်ပါတယ်။ နေစေးစာပေပိုင်ရှင် ဦးနေစေးက “စာပေပြန့်ပွားရေးလုပ်ချင်တယ်ဆိုရင်တော့ ဒီမှာက  ကားရပ်လို့လည်း အဆင်ပြေတယ်။ လက်ဖက်ရည်သောက်၊ စာဖတ်လုပ်လို့ရတယ်။ ဆိုရင်တော့ စာဖတ်အား ပြန်ကောင်းလာမှာပေါ့။ ခုလည်း ဒီစာအုပ်တန်းဖြစ်လာပြီး နောက်ပိုင်း စာဖတ်အား ပြန်ကောင်းလာတယ်” လို့ ပြောပါတယ်။ ဆိုင်ခန်းတနေရာအတွက် ပြီးခဲ့တဲ့နှစ်က တရက်ကိုကျပ် ၆၀၀၀ ပေးရပြီး ဒီနှစ်မှာတော့ တရက်ကို ၇၀၀၀ ပေးရတယ်လို့ ရောင်းချသူတွေက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024