ရန်ကုန်တိုင်းအစိုးရ ဥပဒေနှင့်အညီလုပ်ဆောင်ရန် အန်အယ်လ်ဒီအမတ်များဝေဖန်
ပြည့်ဘုန်းအောင်
·
May 7, 2018
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဥပဒေနဲ့ အညီလုပ်ဆောင်တဲ့ အစိုးရဖြစ်ချင်တယ်လို့ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တွေက တိုင်းဒေသကြီးလွှတ်တော်မှာ ဝေဖန်လိုက်ပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေဟာ ရန်ကုန်တိုင်းလွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးလုပ်ဆောင်ခြင်း မရှိဘူးလို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အစိုးရဖော်ဆောင်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ လွှတ်တော်ကော်မတီက ကိုယ်စားလှယ်တွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့်လည်း တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဒီအခြေအနေတွေဟာ သတ်မှတ်ထားတဲ့နည်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘဲ ပြည်သူက တင်မြောက်ထားတဲ့ အစိုးရတရပ်အနေနဲ့ ဥပဒေအညီ လုပ်ဆောင်တဲ့အစိုးရ ဖြစ်ချင်တယ်လို့ ကိုယ်စားလှယ်ဦးကျော်ဇေယျက တိုင်းလွှတ်တော်မှာ ဝေဖန်ပြောဆိုလိုက်တာပါ။
“ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒပါ။ ပြည်သူရဲ့ မျှော်လင့်ချက်လွှတ်တော်က ဖော်ဆောင်ရွက် တဲ့၊ ပြည်သူတွေက ဘာကိုမျော်လင့်နေကြသလဲဆိုတာ လျစ်လစ်ရှုလို့ မရပါဘူး။ ကျနော်တို့က စီမံကိန်းတွေကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ စီမံကိန်းတွေကို စီမံချက်ကောင်းကောင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အကောင်အထည်ဖော်နိုင်အောင် ကျနော်တို့က ဆွေးနွေး ချင်တာပါ။ ဒါ့ကြောင့် ကျနော်တို့တင်မြှောက်လိုက်တဲ့ အစိုးရဟာ ဥပဒေနဲ့အညီလုပ်ဆောင်သော အစိုးရအဖွဲ့အကြီးက ဖြစ်စေချင်ပါတယ်။ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး လုပ်တဲ့ အနေအထားမျိုးတွေ မဖြစ်သင့်ပါဘူး။ ဒါဟာ ငါ့မြင်းမဟုတ်ပါဘူး။ ပြည်သူတွေရဲ့မြင်းပါ ပြည်သူတွေရဲ့ သဘောကျစီးနိုင်မှ ကောင်းမှာ”
တာမွေမြို့နယ် ကိုယ်စားလှယ်ဦးသိန်းမြင့်ကလည်း အစိုးရအဖွဲ့က ဖော်ဆောင်တဲ့ စီမံကိန်းတချို့ဟာ ပညာရှင်တွေရဲ့ ထောက်ပြချက်နဲ့ကွဲလွဲနေပြီး မလုပ်သင့်တဲ့အရေးကိစ္စတွေကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“ရန်ကုန်မြို့တွေမှာ လုံခြုံရေး၊စည်ပင်သာယာရေးလုပ်ငန်း တရားစီရင်ရေး အလုပ်အကိုင် ရရှိရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သွားလာရေး အဆင်ပြေရေး ဒါတွေကို ဆောင်ရွက်ဖို့ အများကြီးလိုအပ်နေပါတယ်။ ဒါတွေကို ဦးစားပေးမဆောင်ရွက်ဘဲနဲ့ အခြားနေရာ တွေကို ဆောင်ရွက်မယ်ဆိုတော့ ရန်ကုန်မြို့ကြီးကို ပစ်ထားမှာလား။ ပြီးတော့ ဒီစီမံကိန်း တချို့ဟာ ပညာရှင်တွေထောက်ပြနေတာနဲ့ ကွဲလွဲနေပါတယ်”လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
မေလ ၇ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန် အစည်းအဝေးမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ မြို့ပြ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာ ၂၀၁၈-၂၀၁၉ နဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၆ ဦးက ၀ိုင်းဆွေးနွေးရာမှာအစိုးရရဲ့ စီမံကိန်းတွေနဲ့ပက်သက်ပြီး ကန့်ကွက်ပြောဆိုခဲ့တာပါ။
အဆိုပါ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေရှင်းခဲ့ပြီး ဒီအစီရင်ခံစာကိုတော့ လာမယ့် မေလ ၁၄ ရက်နေ့မှာ တိုင်းလွှတ်တော်မှာ ထပ်မံ ဆွေးနွေး သွားမှာပါ။
သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်