လူသတ်မုဒိမ်းမှုဖြင့် ဖမ်းဆီးခံထားရသည့် တက္ကစီမောင်းသမားအတွက် သက်သေ ၃ ဦးရရှိ
DVB
·
May 7, 2018
FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတရားစွဲခံထားရတဲ့ တက္ကစီမောင်းသမား မျိုးဇော်ဦးအတွက် သက်သေ ၃ ဦးရရှိသွားပြီလို့ မေလ ၇ ရက်နေ့ ရုံးထုတ်မှာ သိရပါတယ်။
အမှုလိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမောင်မောင်စိုးက “မျိုးဇော်ဦးရဲ့ ဦးလေး တော်စပ်သူနဲ့ အိမ်နီးချင်းလုပ်ဖော်ကိုင်ဖက် စုစုပေါင်းသုံးဦးရမှာပါ။ သူ့အတွက် အခြေအနေ ကောင်းသွားတာပေါ့”လို့ ပြောပါတယ်။
ဒီသက်သေ ၃ ဦးကို တရားလိုရှေ့နေဘက်ကလည်း ကန့်ကွက်မှုမရှိခဲ့တာကြောင့် တရားရုံးက လက်ခံခဲ့ပါတယ်။ ခုအချိန်အထိ တရားလိုပြသက်သေ ၂၂ ဦးအထိ စစ်ဆေးခဲ့ပြီးပြီ ဖြစ်ပါတယ်။
ကျူးလွန်သူလို့ စွပ်စွဲခံထားရသူ မျိုးဇော်ဦးကို ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ အဓမ္မပြုကျင့်မှု၊ ဓမ္မတာနဲ့ ဆန့်ကျင် အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ လူသတ်မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။
နောက်တစ်ပတ်ရုံးချိန်းကိုတော့ မေလ ၁၄ ရက်မှာ ပြန်လည်ချိန်းဆိုခဲ့ပြီး တရားခံမျိုးဇော်ဦးနဲ့အတူ တရားခံပြသက်သေ တဦးကို စစ်ဆေးဖို့ရှိပါတယ်။