တမူးခရိုင်တွင်းက အကျဉ်းကျခံနေရသူများ၏ ကလေးများကို စာရေးကရိယာများ လှူဒါန်း
DVB
·
May 4, 2018
တမူးခရိုင်ထဲမှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရသူတွေရဲ့ ကလေးငယ်တွေကို တမူးခရိုင် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကျောင်းသုံးစာရေးကရိယာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ကျောင်းဖွင့်ရာသီ နီးကပ်လာပြီဖြစ်တဲ့အတွက် အကျဉ်းသား မိသားစုတွေထဲက ကလေးငယ်တွေကို ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ခဲတံ၊ စာအုပ် စတဲ့ ကျောင်းသုံးပစ္စည်းတွေနဲ့ ထောက်ပံ့ပစ္စည်း လှူဒါန်းခဲ့ပြီးပါပြီ။ အဲဒီလို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ သူကိုယ်တိုင်လည်း အကျဉ်းသားဖြစ်ခဲ့ဖူးတဲ့အတွက် ကျန်နေတဲ့ မိသားစုရဲ့ အခက်အခဲကို ခံစားရလို့ အခုလို လှူဒါန်းဖြစ်တာလို့ အသင်းက တာဝန်ရှိသူ ဦးဟောခိုဆေးက ပြောပါတယ်။
တမူးမြို့နယ်ထဲက ရေနန်းရွာ၊ ချောင်းနက်ကြီးရွာ၊ နန်မွန်းတာရွာ၊ နောင်ကစ်ရွာသစ်၊ ကျွန်းပင်သရွာ၊ မြို့သစ်စေတီရွာတွေမှာ နေထိုင်ကြတဲ့ သူငယ်တန်းက ၁၀ တန်းအထိ ကျောင်းသား ကျောင်းသူ ၁၀၆ ဦးကို ပထမအကြိမ် လှူဒါန်းခဲ့ပြီးပြီလို့ သိရပါတယ်။
ဘယ်သူမှ သတိမရတဲ့ အကျဉ်းသားမိသားစုတွေကို အခုလို အိမ်တိုင်ရာရောက် လာရောက် ကူညီပံ့ပိုးပေးတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာကြပါတယ်လို့ အကျဉ်းသား မိသားစုဝင်ဖြစ်တဲ့ ဒေါ်နိန်ယာက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - ဂေါင်ဂေါင်