Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
May 3, 2018
    ဒီတပတ်ရဲ့ DVB Movie Crazy အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ဟောလိဝုဒ် SuperHero ရုပ်ရှင်ပရိသတ်တွေအတွက်ပါ။ Venom လို့ အမည်ရပါတယ်။ စွန့်စားမှု အက်ရှင် အသားပေး ရုပ်ရှင်တွေ ကြိုက်တဲ့ ပရိသတ်တွေကတော့ သဘောကျမှာ အမှန်ပါပဲ။ ဒီကားမှာတော့The Dark Knight Rises, The Revenant ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီး ဗြိတိန်မင်းသား Tom Hardy က ဦးဆောင်ပါဝင်ထားပြီး မင်းသမီး Michelle Williams ၊ မင်းသား Riz Ahmed စတဲ့ သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ထားခဲ့တာပါ။ ဒီကားဟာလည်း Marvel Comics ဇာတ်ကောင်တွေကို အသက်သွင်း ပုံဖော် ရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ ပါဝင်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Tom Hardy က Eddie Brock လို့ အမည်ရတဲ့ Investigative Journalist ဖြစ်ပြီး Alien တကောင်ဖြစ်တဲ့ Symbiote ဝင်ပူးခံလိုက်ရတဲ့ Host အဖြစ် သရုပ်ဆောင်ထားကာ Host နဲ့  Symbiote ပေါင်းပြီး Venom ဖြစ်လာချိန်မှာ ဘယ်လို စွမ်းအားတွေ ဖြစ်လာမလဲ။ Venom ဟာ Host ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အချိန်မှာ ဘယ်လို ကြမ်းတမ်းတဲ့ စွမ်းအားတွေပေးမလဲ ဆိုတာကို စောင့်မျှော် ကြည့်ရှုကြရမှာပါ။ ဒီကားကိုတော့ ကြမ်းတမ်းတဲ့ ပြကွက်တွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Ruben Fleischer က ပုံဖော်ရိုက်ကူးခဲ့တဲ့ Venom ရုပ်ရှင်ကားကိုလည်း အခုနှစ်ထဲမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒုတိယ မိတ်ဆက်ပြောပြချင်တဲ့ ဇာတ်ကားကတော့ မြန်မာရုပ်ရှင်ကားတကားပါ။ မကြာသေးခင်ကမှ ပူပူနွေးနွေး အကယ်ဒမီရရှိထားတဲ့ ဂျင်းကောင်လို့ ပရိသတ်တွေ ချစ်စနိုး ခေါ်ကြတဲ့ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ ဂျင်းကောင် မဟုတ်တော့ပါဘူး။ ဖိုးရှိတ်လို့ အမည်ပေးထားပါတယ်။ ဒီကားကို ထုတ်လုပ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ဆောင်းညပြာသို ရုပ်ရှင် ထုတ်လုပ်ရေး ဖြစ်ပါတယ်။ မူပိုင်နှင်းဆီရဲ့ ဇာတ်လမ်းကို နေခြည်အောင်သစ်က ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ နေပိုင်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဟာသဇာတ်မြူးကားတကားအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ မြင့်မြတ်နဲ့အတူ မင်းသမီး သဉ္ဇာနွယ်ဝင်းက အတွဲညီညီ ပါဝင်ထားခဲ့တာပါ။ တခြားသရုပ်ဆောင်တွေအနေနဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ ထူးမွန် စတဲ့ သရုပ်ဆောင်ပေါင်း များစွာ အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ နောက်တကား မိတ်ဆက်ပြောပြချင်တာကတော့ ဘောလိဝုဒ် ရုပ်ရှင်ပရိသတ်တွေအတွက်ပါ။ Mercury လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကတော့ Horror, Thriller Movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းတိုတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ  Karthik Subbaraj က သူကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းကို ပြန်ရိုက်ထားတာ ဖြစ်ပါတယ်။ အမှောင်ထဲမှာ အဆိုးဝါးဆုံးအရာက ဘာဖြစ်မလဲဆိုတော့ တိတ်ဆိတ်ခြင်း ဖြစ်တယ်တဲ့။ ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေကို ဒီရုပ်ရှင်ထဲမှာ ဘောလိဝုဒ် ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရှုစားကြရမှာပါ။ ဒီကားထဲမှာ သရုပ်ဆောင်တွေကတော့ မင်းသား Prabhu Deva , Sananth Reddy နဲ့ မင်းသမီး Remya Nambeesan တို့က ဦးဆောင်ပါဝင်ထားကြတာပါ။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မကြာခင်မှာ ပြသသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်ပြောပြချင်တဲ့ ဇာတ်ကားကတော့ ပရိတ်သတ်တွေကို ထူးထူးခြားခြား မိတ်ဆက်ပေးဖို့ မလိုတော့ပါဘူး။ မကြာခင်မှာ ကြည့်ရှုရတော့မယ့် ဒုဋ္ဌ၀တီကို လွန်၍ ဆိုတဲ့ ရုပ်ရှင်ကားပါ။ လူငယ်ဒါရိုက်တာအသစ်၊ ထုတ်လုပ်ရေးအသစ်နဲ့ ထူးထူးခြားခြား ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ရုံမတင်ခင်ကတည်းက ၁ မိနစ်စာ trailer နဲ့ နာမည်ကြီးနေခဲ့တာပါ။ သရုပ်ဆောင် မင်းသား နိုင်းနိုင်း၊ ဇော်ဇော်အောင်၊ ဆန်းထွဋ်နဲ့ အဆိုတော် အမွန်းတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ ဒီဇာတ်ကားကို လူငယ် ဒါရိုက်တာ အာကာက ရိုက်ကူးထားပြီး Golden Hour Entertainment နဲ့ Arkar Production တို့က ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားဟာ ရတနာသိုက်ရှာဖွေတဲ့ ဇာတ်လမ်းကို အခြေခံပြီး စွန့်စားမှုအက်ရှင်ဇာတ်လမ်း ပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကတော့ HipHop အဆိုတော် ရဲနောင် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ပြင်သစ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြို့အများစုမှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး Rocker တဦးဖြစ်တဲ့ အဆိုတော် လေးဖြူက သီဆိုပေးထားတဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းကလည်း လူကြိုက်များနေပြီး ဒီကားကိုတော့ လာမယ့် မေလ ၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးတကား မိတ်ဆက်ပြောပြချင်တဲ့ ရုပ်ရှင်ကားကတော့ အချစ်နဲ့ အိမ်ထောင်ရေး ဟာသကားတကားဖြစ်တဲ့ Overboard ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကတော့ ၁၉၈၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Rob Greenberg ဖြစ်ပါတယ်။ ချမ်းသာတဲ့ မက္ကဆီကန် လူကုံထံ ရေပေါ်ဆီ အသိုင်းအဝိုင်းမှာ ကြီးပြင်းပြီး တကိုယ်ကောင်းဆန်၊ ဆိုးသွမ်းမောက်မာတဲ့ သူဌေးတဦးနဲ့ သူ့ရဲ့ ဇိမ်ခံရွက်လှေကို သန့်ရှင်းရေး ဝန်ဆောင်မှုပေးဖို့ ငှားရမ်းထားသူ ၃ ဦးထဲက တဦးဖြစ်တဲ့ Single Mom အမျိုးသမီးတဦးကြားက ပဋိပက္ခတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အချစ် ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ အဓိကဇာတ်ဆောင်တွေအဖြစ် မက္ကဆီကိုမင်းသား Eugenio Derbez နဲ့ အမေရိကန် မင်းသမီး Anna Faris တို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အချိန် ၁၁၂ မိနစ်ကြာမြင့်တဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ အသုံးအဆောင်တွေ၊ ပြောစကားတွေနဲ့ အဖော်အချွတ် ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူမပါဘဲ ကြည့်ရှုခွင့်မရှိတဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကို အစကတော့ ဧပြီလထဲမှာ ရုံတင်မယ်လို့ ကြေညာထားခဲ့ပေမယ့် လက်ရှိ ရုံတင်နေပြီး အောင်မြင်နေတဲ့ Avengers:Infinity War ရုပ်ရှင်ကား ရုံတင်ပြသမယ့်ရက်နဲ့ ရှောင်ချင်တာမို့  ရက်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ လာမယ့် မေလ ၄ ရက်နေ့မှာတော့ တကမ္ဘာလုံးမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ DVB Movie Crazy အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024