Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲတွင် စဉ်းစားတွေးခေါ်မေးခွန်း ပိုများလာမည်
ပိုင်စိုး
·
May 1, 2018
လာမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကိုယ်ပိုင် စဉ်းစားတွေးခေါ်တာကို ဦးစားပေးတဲ့ မေးခွန်းတွေ များလာမှာဖြစ်ပြီး ရွေးချယ်ဖြေဆိုခွင့်ကတော့ နည်းသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မေးခွန်းပုံစံ အပြောင်းအလဲနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ ဆောင်းပါးကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ရေးသားပြီး အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာပါ။ မေးခွန်းလွှာမှာ ရွေးချယ်စရာ မေးခွန်းအရေအတွက် များနေရင် သင်ခန်းစာတချို့ကို စာမေးပွဲမှာ မဖြေဆိုဘဲ ရှောင်လွှဲခွင့်ရနိုင်တာကြောင့် တတ်မြောက်မှု အားနည်းနိုင်လို့ မေးခွန်းပုံစံသစ်မှာ ရွေးချယ်စရာ မေးခွန်းပုဒ်ရေကို လျှော့ချထားတယ်လို့ ဆိုပါတယ်။ မေးခွန်းပုံစံတခုလုံး ပြောင်းလဲသွားတာ မဟုတ်ဘဲ မေးခွန်းပုံစံအများစုကို အရင်က မေးရိုးမေးစဉ်အတိုင်း ဆက်လက်ထည့်သွင်းမေးမြန်းမှာဖြစ်လို့ အလွတ်ကျက် ဖြေရမယ့် မေးခွန်းတွေလည်း ပါဝင်နေဦးမှာ ဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ် မေးခွန်းပုံစံကတော့ ပြောင်းမှာ မဟုတ်ပါဘူးလို့ ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။ သင်ရိုးကုန် လေ့လာစေဖို့ ရည်ရွယ်ပြီး သင်ခန်းစာတွေအားလုံးကို လွှမ်းခြုံ မေးမြန်းမှာ ဖြစ်သလို လွယ်၊ သင့်၊ ခက် မျှမျှတတ ပါဝင်မှာ ဖြစ်လို့ သင်ရိုးတွေအားလုံး ကျေညက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အလွယ်တကူ ဖြေဆိုနိုင်မယ့် မေးခွန်းမျိုး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေ အလွတ်ကျက်မှတ်ဖြေဆိုတာ လျော့နည်းစေဖို့နဲ့ စဉ်းစားတွေးခေါ်မှု ဖွံ့ဖြိုးတိုးတက်လာစေဖို့ ၂ဝ၁၉ မတ်လ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဘာသာရပ် ကိုးခုရဲ့ မေးခွန်းပုံစံသစ်တွေ ပြောင်းလဲဖို့ ဧပြီ ၂၇ ရက်က ပညာရေးဝန်ကြီးနဲ့ အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်တွေ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဝင်တွေ၊ ပါမောက္ခချုပ်တွေနဲ့ ပညာရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024