ပင်လည်ဘူးတွင် ယာဉ်နှစ်စီးချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး ၁၈ ဦး ဒဏ်ရာရ
DVB
·
April 22, 2018
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပင်လည်ဘူး-ဖောင်းပြင် ကားလမ်း၊ ဝါးဘိုးချောင်းကျေးရွာအနီးမှာ မနေ့ညနေက ယာဉ် ၂ စီး ချောက်ထဲ ထိုးကျခဲ့တဲ့အတွက် လူ ၄ ယောက် သေဆုံး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပင်လည်ဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်ဖြိုးဝေလင်းက ပြောပါတယ်။
ဧပြီ ၂၁ ရက် ညနေ ၃ နာရီလောက်က ယာဉ်မောင်း ဟန်ထွန်း မောင်းနှင်ပြီး ပင်ကွန်ကျေးရွာသူ ၁၀ ဦးလိုက်ပါလာတဲ့ ထော်လာဂျီယာဉ်က ယာဉ်မောင်း စိန်မြင့်အောင် မောင်းနှင်ပြီး ပင်ကွန်ကျေးရွာသူ ၁၀ ဦးလိုက် ပါလာတဲ့ ထော်လာဂျီယာဉ်ကို ဝါးဘိုးချောင်း ကျေးရွာ အနောက်ဘက် တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်မိခဲ့တာကြောင့် နှစ်စီးလုံးချောက်ထဲ ထိုးကျခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာကို ပင်လည်ဘူး မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်အုန်းစိန်၊ ဒေါ်သောင်းမေ၊ ဦးစံအံ့၊ ဒေါ်လှညို ဒေါ်စိုင်းမေ တို့ ၄ ဦးမှာ အခင်းဖြစ်ပွားတဲ့ နေရာမှာပင် သေဆုံးခဲ့ပြီး ကျန်အမျိုးသမီး ၁၆ ဦးအနက် ၃ ဦးမှာ စိုးရိမ်ဒဏ်ရာ အသီးသီးရရှိပြီး ပင်လည်ဘူးမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
ပင်လည်ဘူးမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟန်ထွန်းကို ယာဉ်(ပ)၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုကိုလင်း(အင်းတော်)