ချမ်းမြသာစည်မြို့နယ်တွင် အချုပ်သား ၃ ဦး အချုပ်ကားပေါ်မှ ထွက်ပြေး
DVB
·
April 6, 2018
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့နယ်တရားရုံးမှာ ဒီနေ့မနက်ပိုင်းက လုယက်မှုနဲ့အချုပ်ခံထားရတဲ့ အချုပ်သားသုံးယောက် ထွက်ပြေးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
လုယက်မူနဲ့အမှုရင်ဆိုင်နေရတဲ့ အချုပ်သားသုံးယောက်ကို မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ကနေ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ရဖို့ ဒီနေ့မနက် ၁၀ နာရီကျော်ရုံးထုတ်လာစဉ် မြို့နယ်တရားရုံးအရောက် အချုပ်ကားပေါ်မှအဆင်း ထွက်ပြေးသွားခဲ့ကြတာပါ။
တာဝန်ကျရဲတွေ လိုက်လံဖမ်းဆီးရာ တရားရုံးအနီး ဘုံကျော်ဘုန်းကြီးကျောင်းဝင်းအတွင်း ၂ ယောက်နဲ့ ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှေ့ ၁ ယောက် ပြန်လည်မိခဲ့ပါတယ်။
ချမ်းမြသာစည်မြိုနယ်အမှတ် ၁၁ နယ်မြေရဲစခန်း တာဝန်ရှိသူတွေက ပြန်လည်ဖမ်းဆီးမိခဲ့တဲ့ အချုပ်သား ၃ ဦးကို စစ်ဆေးမေးမြန်းနေကြတယ်လို့ အခင်းဖြစ်နေရာမှာ ရှိနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
အချုပ်သားတွေ ထွက်ပြေးခဲ့မှုနဲ့ ပတ်သက်ပြီး ရဲအုပ်ဇော်မင်းထိုက်ကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
ထွက်ပြေးခဲ့တဲ့ အချုပ်သားသုံးယောက်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။