Homeမြန်မာသတင်း
သစ်ခိုးသူများနှင့်ဆင်ခိုးသတ်သူများကို လိုအပ်ရင် ပစ်ခတ်ဖမ်းဆီးရန် ဒုသမ္မတ ဦးမြင့်ဆွေပြော
သစ်ခိုးသူများနှင့်ဆင်ခိုးသတ်သူများကို လိုအပ်ရင် ပစ်ခတ်ဖမ်းဆီးရန် ဒုသမ္မတ ဦးမြင့်ဆွေပြော
DVB
·
April 1, 2018
သစ်ခိုးထုတ်သူတွေနဲ့ ဆင်ခိုးသတ်သူတွေကို လိုအပ်ရင် ပစ်ခတ်ဖမ်းဆီးဖို့ ဒုတိယ သမ္မတ ၁ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။
မတ်လ ၃၁ ရက် မနက်ပိုင်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ကွန်းချောင်း ရေအားလျှပ်စစ် ရေလှောင်တမံကို ရောက်ရှိလာတုန်း ရေလှောင်တံမံရေရှည်တည်တန့်ရေးနဲ့ ပဲခူးရိုးမထဲက သစ်ခိုးထုတ်တာတွေ ပပျောက်ရေးအတွက် အခုလို ပြောလိုက်တာပါ။
ဒုတိယသမ္မတ ဦးမြင့်ဆွေက “ရာသီဥတုမှန်ဖို့ဆိုတာ သစ်ပင်တွေရှိမှမှန်မယ်။ အခု ပဲခူးရိုးမက သစ်ခိုးထုတ်မှုတွေရှိတယ်။ ရဲတပ်ဖွဲအနေနဲ့ ဆည်ရဲလုံခြုံရေးကိုလည်း တိုးမြှင့်ချထားပြီး သစ်ခိုးထုတ်မှုတွေကိုလည်း ပူးပေါင်းကာကွယ်သွားပါ။ သစ်ခိုးထုတ်တဲ့သူတွေနဲ့ ဆင်သတ်တဲ့ အဖွဲ့တွေဟာ လက်နက်တွေပါတယ်။ အဲဒီတော့ ကိုယ်ကမပစ်ရင် သူတို့ကပစ်မှာ။ ဒါကြောင့် ပစ်သင့်ရင် ပစ်လိုက်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပူးပေါင်းကူညီပေးပါ" လို့ ပြောပါတယ်။
ကွန်းချောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၂ နှစ်မှာ စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
အဲဒီရေအားလျှပ်စစ်စက်ရုံကနေ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၁၉၀ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။