မြန်မာ-လာအို နှစ်နိုင်ငံ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆွေးနွေး
DVB
·
March 23, 2018
မြန်မာ-လာအို နှစ်နိုင်ငံ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၊ လာအိုပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှာ မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဝန်ကြီး Pol. Maj. Gen. Somkeo SYLAVONG ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်ရေး၊ နယ်စပ်ဆက်ဆံရေးရုံး လုပ်ငန်းစဉ်တွေ တိုးမြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ထွက်သွားလာမှုတွေ ထိန်းချုပ်ရေး၊ ဆက်သွယ်ဆက်ဆံမှုများအတွက် ဘာသာစကားများ အပြန်အလှန်သင်ယူရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စတဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဝန်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဝန်ကြီးနဲ့အဖွဲ့က မတ်လ ၂၁ ရက် မနက်ပိုင်းမှာလည်း လာအိုနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H. E. Mrs. Pany YATHORTOU အား National Congress Office မှာ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးခဲ့တဲ့ ရလဒ်တွေ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ် ၁၈ ရက်နေ့က လာအိုနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး မတ် ၂၂ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး