Home
မြန်မာသတင်း
အကယ်ဒမီ ရေပန်းစားနေသည့် မြန်မာရုပ်ရှင်ကားများ
DVB
·
March 22, 2018
၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲအချိန် အလွန်နီးကပ်လာတာနဲ့အမျှ ဒီနှစ်မှ ဘယ်မင်းသမီး၊ မင်းသားတွေ ဘယ်ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရမလဲဆိုတာ ပရိသတ်တွေအကြား စိတ်ဝင်စားမှု မြင့်တက်လာနေပါတယ်။ ဒီနှစ် အကယ်ဒမီရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်ချစ် ပရိသတ်တွေက ‘မြန်မာပေါကားများ ရပ်’ ဆိုတဲ့လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုထားတာပါပဲ။ ထွက်ရှိပြသထားတဲ့ ရုပ်ရှင်တွေမှာ အကယ်ဒမီစံနဲ့ညီတဲ့ ဇာတ်ကားတွေ ဘယ်လောက်ရှိလဲ၊ ဘယ်သရုပ်ဆောင်တွေကရော အကယ်ဒမီတန်းဝင်သလဲဆိုပြီး ရုပ်ရှင်ကြည့်ပရိသတ်ရဲ့ ကြိုတင်ခန့်မှန်းချက်တွေကလည်း အင်တာနက် အွန်လိုင်း စာမျက်နှာတွေပေါ်ကနေ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်အကဲဖြတ်နေကြပါတယ်။ အကယ်ဒမီဆုတွေဟာ တကယ်ပဲ ထိုက်ထိုက်တန်တန် ရမှာလားဆိုပြီး ပရိသတ်အကြိုက်နဲ့ ကိုက်၊ မကိုက် ချိန်ထိုးကြည့်ရမှာ ရင်ခုန်စရာတော့ ကောင်းလှပါတယ်။ ဒီနှစ် ၂၀၁၇ မှာ ရုံတင်ထားတဲ့ အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော် ရှိတဲ့အထဲမှာ ရုပ်ရှင်ချစ်သူ အများစုကြီး အကယ်ဒမီ ခန့်မှန်းပေးတဲ့ အထူးရေပန်းစားနေတဲ့ ဇာတ်ကားတွေကတော့ အနည်းဆုံး တဒါဇင်လောက် ရှိပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားတွေကတော့ ည၊ သရာစောထိ၊ ခေါက်ထီးလေးမလုံ့တလုံ၊ ထာဝရအမေ၊ ဆယ်လီ၊ ကျွန်၊  ချိုမြိန်သော လက်စားချေခြင်း၊ နေခြည်မှာ ရွှေရည်လောင်း၊ ရင်ဘတ်ထဲကဓား၊ တာတေကြီး၊ နေဝင်အိပ်တန်းတက်နဲ့ သရဲမ ဘီလူးမနဲ့မိန်းမပျို ရုပ်ရှင်ဇာတ်ကားတွေပါ။ ရုပ်ရှင်လောကထဲကို အသစ် အသစ်တွေနဲ့ချည်း ထိုးဖောက်ဝင်ရောက်လာတဲ့ “ည” ဇာတ်ကား။ လူငယ်တွေကိုယ်တိုင် ပါဝင် ရုက်ကူး သရုပ်ဆောင်ထားတဲ့ ည ရုပ်ရှင်။ ရိုက်ကွင်း၊ ရိုက်ချက်၊ သရုပ်ဆောင်၊ ဒိုင်ယာလော့ပိုင်းက အစ ပင်မရေစီးကြောင်းကနေ ခွဲထွက်လာတဲ့ ကား ဆိုပြီး ရိုက်ကူးသူတွေရော ကြည့်ရှုရသူတွေပါ အားရကျေနပ်သွားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်တခုပါ။ ဒါရိုက်တာကတော့  ထူးပိုင်ဇော်ဦး၊ သရုပ်ဆောင်တွေက ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နန်းထရေစီ၊ မိုးယသော်တို့ပါ။ သရာစောထိ ဇာတ်ကားကတော့ မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်မှာ ပါဝင်ပြသထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ဒါရိုက်တာစံရွှေမောင် ရိုက်ကူးထားပြီး အဓိကအားဖြင့် မြန်မာ့ပညာရေးစနစ်ကို ထောက်ပြထားပါတယ်။ နယ်မြေမအေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ၊ နယ်မြို့တွေရဲ့ ပညာရေး၊ ကျန်းမာရေးချို့တဲ့နေမှုတွေကို သရာစောထိ ရုပ်ရှင်ဇာတ်ကားထဲတွင် တွေ့မြင်ရမှာပါ။ ဒါရိုက်တာ စံရွှေမောင်ဟာ သရာစောထိ ဇာတ်ကားနဲ့အတူ အကယ်ဒမီ ဆန်ခါတင်စာရင်းထဲ ပါဝင်နေပါတယ်။ ခေါက်ထီးလေး မလုံ့တလုံ ဇာတ်ကားကတော့ စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိုက်တာ မီးပွား ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး ကြွေ ဆိုတဲ့ ဇာတ်ကောင်နေရာမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အေးမြတ်သူရဲ့ ကာရိုက်တာကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းရဲ့ အတ္ထုပ္ပတ္တိလို့ ဆိုတဲ့ ထာဝရအမေ ဇာတ်ကားမှာတော့ အကယ်ဒမီမေသန်းနု အကယ်ဒမီ ထပ်ရဦးမယ် ဆိုပြီး ခန့်မှန်းနေကြတာ များပါတယ်။ ဒီလို မိဘမေတ္တာ၊ မိခင်မေတ္တာကို ဖော်ကျူးတဲ့ ဇာတ်ကားမျိုးဟာ အကယ်ဒမီ ရလေ့ရှိတယ် ဆိုပြီး သုံးသပ်လေ့ရှိပါတယ်။ ဆယ်လီဆိုတဲ့ ဒါရိုက်တာ ကျော်ဇောလင်းရဲ့ ဖေ့စ်ဘွတ်ပညာပေး  ဟာသဇာတ်ကားကလည်း အကယ်ဒမီ ဆန်ခါတင်စာရင်းထဲ ပါဝင်နေပါတယ်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးထားတဲ့ ကျွန် ဇာတ်ကားမှာတော့ ဝတ်မှုန်ရွှေရည် အမျိုးသမီးဇာတ်ပို့ အကယ်ဒမီ ရဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။  မြန်မာကြိုက် ဒရာမာကား ဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်စတားတွေ ပါဝင် သရုပ်ဆောင်ထားပါတယ်။ နေတိုး၊ မြင့်မြတ်၊ စိုးမြတ်သူဇာ၊ ထူးမွန်တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာရေးဆရာမ လွန်းထားထားရဲ့ ဝတ္ထုကို ဒါရိုက်တာ မီးပွား ရိုက်ကူးထားတဲ့ ချိုမြိန်သော လက်စားချေခြင်း ဆိုတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာတော့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အမျိုးသားဇာတ်ဆောင်ဆု ရမယ် ဆိုပြီး ရေပန်းစားနေပါတယ်။ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ အကျိုးပြု ဇာတ်ကား အမျိုးအစားဆိုတဲ့ ဒါရိုက်တာ ဇော်မြင့်ဦးရဲ့ နေခြည်မှာရွှေရည်လောင်း ဆိုတဲ့ ကျေးရွာ ကျောင်းဆရာတဦးရဲ့ဇာတ်လမ်းဟာလည်း ပေါ်လစီကားပါလို့ ပြောနေကြပေမယ့် အကယ်ဒမီစာရင်းထဲ ဆန်ခါတင် ပါဝင်နေပါတယ်။ ဒီကားမှာတော့ ဒါရိုက်တာဆု၊ တေးဂီတဆုတွေ ရနိုင်မယ်လို့ တစ် ပြေးနေပါတယ်။ စာရေးဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ ရင်ဘတ်ထဲက ဓား ဆိုတဲ့ အိမ်ထောင်ရေးဇာတ်လမ်းကတော့ ရုပ်ရှင်ချစ်သူ အတော်များများက အဝေး အဖြစ် သရုပ်ဆောင်တဲ့ အိန္ဒြာကျော်ဇင် အကယ်ဒမီ ရကိုရဦးမယ်လို့  ဇာတ်ကား ကြည့်ပြီးပြီးချင်းမှာပဲ သေချာပေါက် တပ်အပ်ခန့်မှန်းကြပါတယ်။ သရုပ်ဆောင် ပြေတီဦးရဲ့ ဇာတ်လမ်းပေးပို့မှု သရုပ်ဆောင်ချက်ဟာလည်း အမျိုးသား ဇာတ်ပို့ ဇာတ်ဆောင်ဆု တခုခု ရလောက်တယ်လို့လည်း ပရိသတ်က တစ် ပေးထားတာပါ။ တာတေကြီး ဇာတ်ကားကတော့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအဖြစ် မင်းသား နေတိုးနဲ့ မင်းသမီး ရွှေသမီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားမှာ ထူးခြားတဲ့ဇာတ်ရုပ်၊ ထူးခြားတဲ့ အသွင်အပြင် ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ နေတိုး အကယ်ဒမီထပ်ရနိုင်တယ်လို့ ပရိတ်သတ်က ခန့်မှန်းနေကြပါတယ်။ နေဝင် အိပ်တန်းတက် ဇာတ်ကားကတော့ ဇာတ်ညွှန်း အကယ်ဒမီ ရနိုင်တယ်လို့ သုံးသပ်ထားသလို အမျိုးသားသရုပ်ဆောင်လည်း အကယ်ဒမီ ရနိုင်တယ် ဆိုပြီး ခန့်မှန်းထားပါတယ်။ စာရေးဆရာ လင်္ကာရည်ကျော်ရဲ့ ဝတ္ထုဇာတ်ညွှန်းကို ဒါရိုက်တာ ဝိုင်း ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားထဲက သရုပ်ဆောင် ပြေတီဦး ထပ်ဆင့်အကယ်ဒမီ ရဦးမယ်လို့လည်း တစ် ပေးကြတာ များပါတယ်။ စာရေးဆရာမ လွန်းထားထားရဲ့ ဝတ္ထုကို သရဲမ၊ ဘီလူးမနဲ့ မိန်းမပျို လို့ နာမည်ပေးထားတဲ့ မိန်းကလေး ၃ ယောက်အကြောင်း စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားမှာတော့ ဇာတ်ဆောင်ဆု၊ ဓာတ်ပုံဆုတွေ ရနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် ပရိသတ် ထင်မထားတဲ့ ပေါ်လစီကားတွေထဲက တကားကားလောက်လည်း ဆုရသွားနိုင်တယ်လို့ ထင်ကြေးပေးသူတွေ ရှိပါတယ်။ ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ရဲ့ ရွေးချယ်မှုနဲ့ ပရိသတ်အကြိုက် ထပ်တူကျ မကျ ဆိုတာကတော့ မနက်ဖြန်ဆို စိတ်ခုန်တယ်လို့ ပြောရမလား။ ရင်ခုန်စရာ စိတ်လှုပ်ရှားမှုတွေနဲ့ အဖြေပေါ်လာတော့မှာပါ။ ကဲ အကယ်ဒမီ ဘယ်သူတွေ ရကြမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရအောင်ပါလား။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024