A Wrinkle In Time စိတ်ကူးယဉ် သိပံ္ပစွန့်စားခန်းရုပ်ရှင်ဇာတ်ကားမိတ်ဆက်
DVB
·
March 19, 2018
Meg Murry ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ သူ့အဖေပျောက်သွားကတည်းက ကျောင်းကိစ္စနဲ့ အိမ်တွင်းရေးကြားမှာအဆင်ပြေအောင် ရုန်းကန်နေရသူပါ။
Meg Murry ရဲ့ဖခင် Alex Murry က သိပံ္ပပညာရှင်တစ်ယောက်ဖြစ်ပြီး ရူပနက္ခတ္တဗေဒကို လေ့လာနေရင်းနဲ့ ပျောက်ဆုံးသွားတာပါ။
Alex Murry ပျောက်ဆုံးသွားတာဟာ လူသားတွေရဲ့ ဖြစ်တည်မှုအပေါ် အဖြေရှာတွေ့ရင်း တခြားကမ္ဘာကိုရောက်သွားတာလို့ Meg နဲ့ သူ့အမေတို့က ယူဆထားကြပါတယ်။
တနေ့မှာ Meg၊ သူ့မောင်လေး Charles Wallaceနဲ့ သူ့သူငယ်ချင်း Calvin တို့ သုံးယောက် Mrs. Which၊ Mrs. Whatsit နဲ့ Mrs. Who ဆိုတဲ့ နက္ခတာရာတွေကိုခရီးနှင်ပြီးရောက်လာတဲ့ ထူးထူးဆန်းဆန်းအမျိုးသမီးသုံးယောက်နဲ့ တွေ့ဆုံပြီး သူတို့နဲ့အတူ Tesseract လို့ခေါ်တဲ့ အာကာ သတွင်းခရီးသွားနိုင်တဲ့အရာကနေတဆင့် Uriel ဆိုတဲ့ ဂြိုလ်ဆီကို ပျောက်ဆုံးသွားတဲ့ ဖခင်ကိုရှာဖို့ ထွက်သွားကြပါတယ်။
ဂြိုလ်ပေါ်ကိုရောက်တဲ့အချိန်မှာ Mrs. Whatsit က လှပတဲ့ အစိမ်းရောင်သတ္တ၀ါအဖြစ်ပြောင်းပြီး Meg တို့သုံးယောက်ကို လေထုထဲကို ပျံသန်းခေါ်ဆောင်သွားပါတယ်။အဲဒီအချိန်မှာပဲ Meg တို့ဟာ အမှောင်အရိပ်ကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။
အဲဒီအမှောင်အရိပ်ကြီးက IT လို့ခေါ်ပြီး စကြ၀ဠာကို သိမ်းပိုက်ဖို့အတွက် ကြံရွယ်နေတဲ့အရာလည်းဖြစ်သလို သူတို့ရဲ့အဖေကိုလည်း ဖမ်းထားကြောင်း Mrs. Which က Meg ကို ရှင်းပြပါတယ်။ အဲဒီလိုနဲ့ ဖခင်ကို ကယ်တင်ဖို့ စွန့်စားခန်းစတင်ပါတော့တယ်။
ဒီဇာတ်ကားကတော့ စိတ်ကူးယဉ်ဆန်ဆန် သိပံ္ပစွန့်စားခန်းအမျိုးအစားဖြစ်ပြီး ၁၉၆၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “A Wrinkle In Time” စာအုပ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပါ။
အမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Ava DuVernay က ရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကားထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Oprah Winfrey၊ Reese Witherspoon နဲ့ Chris Pine တို့လည်း ပါဝင်ပါတယ်။ လှပတဲ့ ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ စွန့်စားခံတွေကို ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ရန်ကုန်က နေပြည်တော်ရုပ်ရှင်ရုံနဲ့ မင်္ဂလာဂမုန်းပွင့် (လှည်းတန်း စံရိပ်ငြိမ်) တို့မှာ ပြသနေပါတယ်။
ဒါရိုက်တာ - Ava DuVernay
သရုပ်ဆောင် - Oprah Winfrey, Reese Witherspoon, Storm Reid, Mindy Kaling, Levi Miller, Deric McCabe and Chris Pine
ကြာချိန် - ၁ နာရီ ၄၉ မိနစ်
ရုပ်ရှင်အဆင့်သတ်မှတ်ချက် - PG (ကလေးငယ်များ မိဘ၏ အုပ်ထိန်းမှုနဲ့ ကြည့်ရှုနိုင်သည်။)
Box Office ၀င်ငွေ - ဒေါ်လာ ၇၁.၇ သန်း
ရေးသူ - မျိုးဆက်