မွန်ပြည်နယ်ငြိမ်းချမ်းရေးသမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဟု သမ္မတပြော
DVB
·
March 19, 2018
မွန်ပြည်နယ်မှာ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ပြီး မွန်ပြည်နယ်သူ၊ ပြည်နယ်သားတွေဟာလည်း ငြိမ်းချမ်းရေးမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ မျှော်လင့်ချက် ကြီးကြီးနဲ့ စောင့်မျှော်နေကြပြီလို့ သမ္မတ ဦးထင်ကျော်ကပြောပါတယ်။
ဒီကနေ့ မတ်လ ၁၉ရက်မှာ ကျရောက်တဲ့ (၄၄)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာပြောသွားတာပါ။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို မွန်ပြည်သစ်ပါတီကပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး မွန်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့တယ်၊ ဆက်လက်ပြီး နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ ပါဝင်နိုင်ဖို့ ပြင်ဆင်နေကြပြီလို့ သမ္မတက ပြောပါတယ်။
ငြိမ်းချမ်းလာတာနဲ့အမျှ မွန်ပြည်နယ်မှာ အခြေခံကောင်းတွေရှိပြီးဖြစ်တဲ့ ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်၊ လက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ လက်တွဲပြီး ဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သမ္မတက ပြောပါတယ်။
မွန်တိုင်းရင်းသားတွေအနေနဲ့ ရှေ့ဆက်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက် သွားကြဖို့နဲ့အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆက်လက် ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်အကြီးအကဲက တိုက်တွန်းသွားပါတယ်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)မှာ မွန်ပြည်နယ်အဖြစ် စတင်အသိအမှတ်ပြု ရေးဆွဲခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပတာဖြစ်ပါ တယ်။